ဇာပိုရစ်ချ်ဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံ ယူကရိန်းထံ ပြန်ပေးရန် သမ္မတ ဘိုင်ဒင် တောင်းဆို

ရုရှားက သိမ်းယူထားတဲ့ ယူကရိန်းအပိုင် ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို ယူကရိန်းအစိုးရလက်ကို ပြန်လွှဲအပ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုလိုက်ပါတယ်။
သြဂုတ် ၂၅ ရက်မှာ ကျရောက်တဲ့ ယူကရိန်းနိုင်ငံ လွတ်လပ်ရေးနေ့မှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တယ်လီဖုန်း စကားပြောစဉ် သမ္မတ ဘိုင်ဒင်က အခုလို တောင်းဆိုလိုက်တာပါ။
ဥရောပရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှားတပ်တွေ မတ်လကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး ဒီရက်သတ္တပတ်တွေအတွင်း စက်ရုံအနီးမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနေတာကြောင့် စိတ်ပူစရာ ဖြစ်နေတာပါ။
စက်ရုံရဲ့ ဘေးကင်းလုံခြုံမှု အခြေအနေကို နိုင်ငံတကာ အရာရှိတွေ သွားရောက်လေ့လာနိုင်ဖို့ လိုအပ်တယ်လို့လည်း သမ္မတဘိုင်ဒင်နဲ့ သမ္မတ ဇလန်းစကီးတို့က တယ်လီဖုန်းပြောရင်း ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ယူကရိန်းနဲ့ ရုရှားအရာရှိတွေက ကုလသမဂ္ဂ နျူကလီးယားအေဂျင်စီ (အိုင်အေအီးအေ) က အရာရှိတွေ သွားရောက်စစ်ဆေးဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောထားပါတယ်။
တယ်လီဖုန်းပေါ်ကနေ စကားပြောစဉ်မှာ သမ္မတ ဘိုင်ဒင်က အမေရိကန်အနေနဲ့ ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် ဆက်ပြီး ကူညီပံ့ပိုးပေးမယ့်အကြောင်း သမ္မတ ဇလန်းစကီးကို ထပ်လောင်းပြောကြားခဲ့ပါတယ်။