နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲထားသည့် ရွေးကောက်ပွဲအမှု စက်တင်ဘာ ၂ ရက် အမိန့်ချမည်

နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အမှုအတွက် နေပြည်တော် အချုပ်ထောင်ရှိ အထူးတရားရုံးမှာ သြဂုတ် ၂၆ ရက်က ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ အမှုအတွက် အပြီးသတ် လျှောက်လဲချက်ပေးရပြီး လာမယ့် စက်တင်ဘာ ၂ ရက်နေ့မှာ အမိန့်ချမယ်လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
တရားရုံးနဲ့နီးစပ်သူက “အဓိကကတော့ သူတို့စွပ်စွဲတဲ့ မဲမသမာမှုဆိုတဲ့ဟာတွေကို သူတို့ဘက်က သက်သေမပြနိုင်ဘူး။ မဲမသမာမှုဖြစ်တယ်ဆိုတဲ့ အထောက်အထားပေါ့။ မဲနဲ့ပတ်သက်ပြီး ၁၁ သန်းကျော် မဲမသမာမှုဖြစ်တယ်ဆိုပြီး ပြောတယ်။ သူတို့ တကယ်တရားစွဲထားတာက ၂,၀၀၀ ကျော်ပဲရှိတယ်လို့ သက်သေပြတယ်။ မေလျာ်သြဇာသုံးတာ၊ မဲမသမာမှုလုပ်တဲ့ ကိစ္စတွေ မပါဘူး” လို့ ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း သူတို့မှာ မပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမိန့်ချမှာဖြစ်သလို ဦးမင်းသူအပေါ် ထပ်မံစွဲဆိုထားတဲ့ ခြေချုပ်အမှု ၁၀၇ ကိုလည်း အဲ့ဒီနေ့မှာပဲ အမိန့်ချမယ်လို့ သိရပါတယ်။