ဖားကန့်မြို့နယ်၌ အမျိုးသားတဦးကို အမည်မသိအဖွဲ့ ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မှော်ဝှမ်းရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် အမျိုးသား တယောက်ကို အမည်မသိအဖွဲ့က ဩဂုတ် ၂၆ ရက်မှာ ဖမ်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မှော်ဝှမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်နားမှာနေသူ ကိုကျော်ဦးကို အဲဒီနေ့ ညနေ ၄ နာရီ ကျော်လောက်မှာ အမည်မသိအဖွဲ့က အိမ်စီးကားနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံက "အဲဒီလူက ကြံ့ဖွံ့ပါတီဝင်၊ စကစနဲ့ပေါင်းပြီး အရက်လိုင်စင်လုပ်တယ်။ ဒလန်ဆိုပြီး နာမည်ထွက်နေတာကြာပြီ။ မနေ့ညနေက သူ့အိမ်မှာရှိချိန် ကားနဲ့ လာဖမ်းသွားတာ ” လို့ ပြောပါတယ်။
ဩဂုတ် ၂၅ ရက်ကလည်း ဖားကန့်မြို့နယ် တာမခန်ကျေးရွာနားက ဟွေဆိုင်းရွာမှာ အသက် ၅၈ နှစ်အရွယ် ဦးကျော်သန်းဆိုသူဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဇွန် ၁၉ ရက်ကလည်း ဖားကန့်မြို့နယ် လုံးခင်းအုပ်စုနဲ့ မှော်စီစာကျေးရွာကြားမှာ လက်ပြန် ကြိုးတုပ်လျက် သေဆုံးနေတဲ့ အမျိုးသား ၃ ဦးကို တွေ့ခဲ့ရပါတယ်။