တောင်ကိုရီးယားနှင့် အမေရိကန် ပူးပေါင်းတပ် အကြီးစား စစ်ရေးလေ့ကျင့်

မြောက်ကိုရီးယား နယ်စပ်ကနေ မိုင် ၂၀ အကွာမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဟာ မဟာမိတ်တွေအဖြစ် သြဂုတ် ၃၁ ရက်မှာ အကြီးစား ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။
အမြောက်တွေ၊ တင့်ကားတွေနဲ့ တခြားလက်နက်တွေကို သုံးရင်း စစ်ရေးစွမ်းရည်ပြပွဲကို အရှိန်မြှင့် ချဲ့ထွင်ခဲ့တာပါ။
သံတမန်ရေးကြိုးပမ်းချက်တွေနဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် လေ့ကျင့်မှု အများအပြားကို နှစ်ချီ ရွှေ့ဆိုင်းခဲ့ရပြီးတဲ့နောက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ လတ်တလောနှစ်တွေအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခန်းကို ပြန်စတင်ခဲ့ကြပါတယ်။
မဟာမိတ်တွေက ဒီစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားနဲ့ သူ့ရဲ့ ကြီးထွားလာနေတဲ့ နျူကလီးယား လက်နက်တိုက်ကို ဟန့်တားဖို့ ကြိုးပမ်းမှုရဲ့ အဓိကအစိတ်အပိုင်းအဖြစ် ရှုမြင်ကြပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုကို စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုလို့ ခေါ်ဝေါပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကို ဝေဖန်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ရန်သူတဦးဦးအတွက် ရည်ရွယ်တာ မဟုတ်ပေမဲ့ ‘အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်း’ ကို ထည့်သွင်း စဉ်းစားခဲ့ရတယ်၊ မြောက်ကိုရီးယားကို ရည်ညွှန်းပြီး တည်ရှိနေဆဲ ခြိမ်းခြောက်မှုလို့ အတိအကျ ဖော်ပြထားတယ်လို့ တပ်မရဲ့ ဒုတပ်မှူး ဗိုလ်မှူးကြီး ဘရန်ဒွန် အန်ဒါဆန်က ပြောခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နဲ့ တောင်ကိုရီးယားထုတ် ဟောင်ဝစ်ဇာတွေ၊ တင့်ကားတွေ၊ စက်သေနတ်တွေ၊ မော်တာတွေကို သုံးပြီး တိုက်ရိုက်ပစ်ခတ် လေ့ကျင့်ခဲ့တာပါ။ အပါချီ ရဟတ်ယာဉ်တွေလည်း ပါဝင် လေ့ကျင့်ခဲ့ပါတယ်။