close

ဇာပိုရစ်ချ်ဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံကို IAEA အဖွဲ့ရောက်ရှိ

ပြင်းထန်တဲ့ ဓာတ်ရောင်ခြည် ဘေးအန္တရာယ် ဖြစ်နိုင်ကြောင်း ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက ပြောနေကြတဲ့ ဘေးအန္တရာယ်ကို အကဲဖြတ်ဖို့အတွက် ကုလသမဂ္ဂကျွမ်းကျင်သူအဖွဲ့ဟာ  စက်တင်ဘာ ၁ ရက်မှာ ယူကရိန်းတောင်ပိုင်းက ရုရှားထိန်းချုပ်နယ်မြေကိုဖြတ်ပြီး ဥရောပရဲ့ အကြီးဆုံး နျူးကလီးယားဓာတ်အားပေးစက်ရုံကို ရောက်ရှိလာပါတယ်။

အနီးနားမှာ ရုရှားစစ်သားတွေ ထူထပ်စွာ လိုက်ပါလာတဲ့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့ဟာ ကြီးမားတဲ့ယာဉ်တန်းနဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရောက်ရှိခဲ့တာပါ။စစ်ဆေးရေးအဖွဲ့ဝင်တချို့ကတော့ အဲဒီနေရာမှာ နာရီများစွာ ကြာပြီးနောက် ထွက်ခွာ သွားကြပါတယ်။

ယူကရိန်းရဲ့ နျူကလီးယားစွမ်းအင် အော်ပရေတာ Energoatom ရဲ့ အဖွဲ့ဝင် ၅ ယောက်က  နောက်ထပ် ၂ ရက် ဆက်နေမယ်လို့ ပြောကြားခဲ့ပါတယ်။

IAEA အကြီးအကဲ ရာဖဲလ်ဂရော့စ်စီဟာ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတာကို သတိပြုမိပေမဲ့ စက်ရုံကိုသွားပြီး ဝန်ထမ်းတွေနဲ့တွေ့ဆုံမယ့် အစီအစဉ်ကို ဆက်လုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

IAEA အဖွဲ့ မရောက်လာခင် နာရီပိုင်းအလိုမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ စက်ရုံကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတယ်လို့ မော်စကိုက စွပ်စွဲခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၆ နာရီမှာ ယူကရိန်းတပ်ဖွဲ့ဝင် ၆၀ လောက်ဟာ နီးပရို ကမ်းရိုးတန်းကို လှေတွေနဲ့ ဖြတ်ကျော်လာခဲ့ပြီး IAEA ခရီးစဉ်ကို နှောင့်ယှက်ဖို့ ရည်ရွယ်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ယူကရိန်းအရာရှိတွေဟာ IAEA ခရီးစဉ်ကို ကြိုဆိုခဲ့ကြပြီး ဒါဟာ စက်ရုံကို စစ်မဲ့ဇုန် ဖြစ်သွားစေဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံက ခန့်အပ်ထားတဲ့ အာဏာပိုင်တွေကတော့ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ဟာ စက်ရုံကို စစ်ဆေးဖို့ တရက်လောက်သာ အချိန်ရမယ်လို့ ‌အကြံပြုထားပြီး မစ်ရှင်အဖွဲ့ကတော့ အချိန်ပိုကြာကြာနေဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မော်စကိုနဲ့ ကိယက်ဗ်တို့က စက်ရုံအနီးတဝိုက်မှာ ကျည်ဆန်တွေ ကျရောက်မှုကြောင့် အပြန်အလှန် အပြစ်တင်မှုတွေ ပုံမှန်ရှိနေပြီး ချာနိုဘိုင်းပုံစံ ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကို ကြောက်ရွံ့စေတဲ့ စက်ရုံရှိ အခြေအနေတွေကို ရက်သတ္တပတ်တွေအတွင်း ဖော်ထုတ်နေတာ ဖြစ်ပါတယ်။

နျူကလီးယားစက်ရုံဟာ စစ်ပွဲမတိုင်ခင်က ယူကရိန်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ငါးပုံတပုံကျော်ကို ထောက်ပံ့ပေးခဲ့ပြီး အအေးပြင်းထန်တဲ့ ဆောင်းရာသီမှာ စွမ်းအင်ပြတ်တောက်မှုအတွက် ထိန်းထားပေးတာကြောင့် ယူကရိန်းအတွက် မရှိမဖြစ် လိုအပ်တဲ့ စက်ရုံဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up