ဖူးကက်တွင်ရေကြီး၊ ကားအစီး ၄၀ ကျော် ရေထဲနစ်မြုပ်

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင် ထလန်မြို့ထဲမှာ မနေ့ စက်တင်ဘာ ၁ ရက်ညက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ဒီနေ့မနက်မှာ ရပ်ကွက်ထဲကို ရေတွေဝင်ပြီး နေအိမ်နဲ့ မော်တော်ကား၊ ဆိုင်ကယ်တွေ ရေထဲနစ်မြုပ်နေပါတယ်။
အထူးသဖြင့် ဖူးကက်လေယာဉ်ကွင်းအနီးရှိ ကွန်ဒိုမီနီယံတိုက်ခန်းတခုမှာ ကားနဲ့ ဆိုင်ကယ်တွေ အချိန်မီ မရွှေ့ပြောင်းနိုင်တာကြောင့် မော်တော်ကားအစီးရေ ၄၀ ကျော်နဲ့ ဆိုင်ကယ်အစီး ၂၀ ကျော် ရေထဲနစ်မြုပ်နေပါတယ်။
ဖူးကက် နိုင်ငံတကာလေယာဉ်ကွင်းသွားလမ်းမှာလည်း ရေတွေပြည့်နေလို့ လမ်းလွှဲကို အသုံးပြုထားရတယ်လို့ ဆိုပါတယ်။
ဒီနေ့ စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းမှာ ရေတွေ တဖြည်းဖြည်း ပြန်ကျသွားပေမဲ့ ပုံမှန်အခြေအနေ မရောက်သေးလို့ သက်ဆိုင်ရာက ရေစုပ်စက်တွေ အသုံးပြုပြီး ရေတွေ စုပ်ထုတ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းမြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့အပတ်က ရေကြီးရေလျှံဖြစ်ပြီး ကျောက်ဖယားမြစ်ထဲ စီးဆင်းသွားရာမှာ လက်ရှိ ကျောက်ဖယားမြစ်ရေ တရိပ်ရိပ်တက်နေကြောင်း၊ ချိုင်းနတ်ခရိုင်ရှိ ကျောက်ဖယားဆည်မှာ စိုးရိမ်ရေမှတ်ကျော်လွန်လို့ ဆည်ရေဖောက်ချလိုက်တာကြောင့် တချို့နေရာ ရေတွေကြီးနေပြီလို့ ချန်နယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒါကြောင့် ကျောက်ဖယားမြစ်ဝှမ်းဒေသရှိ ခရိုင်တွေဖြစ်တဲ့ ဥထိုင်းဌာနီ၊ ချိုင်းနတ်၊ ဆင်းပူးရီး၊ အန်ထောင်း၊ ဆုဖန်းပူးရီး၊ အယုဒ္ဓယ၊ လုပ်ပူရီ၊ ပထုန်ဌာနီ၊ နွန်ထပူရီ၊ စမွတ်ပရကန်နဲ့ ဘန်ကောက် စတဲ့ ခရိုင် ၁၁ ခုအနေနဲ့ ရေကြီးရေလျှံမယ့် အခြေအနေကို ကြိုတင်ပြင်ဆင် ကာကွယ်ကြဖို့ ထိုင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနက သတိပေးထားပါတယ်။
ထိုင်းနိုင်ငံ မိုးလေဝသဌာနကလည်း တရုတ်ပင်လယ်က အနောက်တောင်မုတ်သုံလေဟာ မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံထဲ ဝင်ရောက်လာနိုင်ဖွယ်ရှိလို့ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အတွင်း နေရာအနှံ့အပြားမှာ မိုးသည်းထန်ပြီး ရေကြီးနိုင်မယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။