close

ဓာတ်မြေသြဇာဈေး မြင့်တက်မှုကြောင့် ရေးမြို့က တောင်သူများ ထိခိုက်နစ်နာ

ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာတာနဲ့အမျှ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ ဝဲစျေးတွေပါ အဆမတန် မြင့်တက်လာတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတွေမှာ ထိခိုက်နစ်နာကြတယ်လို့ မွန်ပြည်နယ် ရေးမြို့နယ်က စိုက်ပျိုးတောင်သူတွေထံက သိရပါတယ်။

ခြံသမားတယောက်က “စစ်တပ် အာဏာမသိမ်းခင်က ဓာတ်မြေသြဇာ ဝဲဈေးမှာ ကျပ် ၃၀,၀၀၀ ကျော်ရှိရာက အခုလက်ရှိပေါက်ဈေးက ကျပ် ၂၁၀,၀၀၀ အထိ ဖြစ်သွားတယ်။ တခြားဝဲစျေးတွေလည်း ၃ ဆလောက် ဈေးတက်သွားတော့ ဝဲကို မဝယ်ယူနိုင်ကြဘူး။ လာမယ့်နှစ်တွေမှာ အသီးအထွက်နှုန်းတွေ ကျဆင်းလာနိုင်တယ်” လို့ ပြောပါတယ်။

အခုလက်ရှိဝဲဈေးတွေ ဈေးကြီးတဲ့အပြင် ခြံတခြံရဲ့ လုပ်အားခ စရိတ်တွေပါ ဆတိုး ပိုကုန်ကျ များလာတဲ့အပြင် လာမယ့်ရာသီတွေမှာ အသီးက မရှိ၊ ဈေးကလည်း မရရင်တော့ ဝင်ငွေ ထိခိုက်မယ်လို့ ခြံသမားတယောက်က ထပ်ပြောပါတယ်။

အခု မြန်မာငွေဈေးကျတော့ ဓာတ်မြေသြဇာဈေးက စျေးတက်၊ စျေးတင်ပြီး ပြန်ရောင်းတယ်။ တခါ ဈေးတက်ပြန်တော့ မမြတ်တဲ့အပြင် အရင်းပါပျောက်သွားတယ်။ ဈေးတွေက အတက်ဘက်များနေတော့ အရောင်းအဝယ်လည်းမရှိဘူးလို့ ဓာတ်မြေသြဇာ ရောင်းချသူတွေက ပြောပါတယ်။

အများအားဖြင့် ခြံသမားတွေဟာ ပြည်တွင်းကလာတဲ့ ဓာတ်မြေသြဇာ ဝဲတွေအပြင် ပြည်ပက တင်သွင်းလာတဲ့ ဝဲတွေကို အဓိက သုံးစွဲကြပြီး အခုလို ဝဲဈေးတွေ အဆမတန် မြင့်တက်လာတဲ့ အပေါ်မှာ ရရှိလာမယ့် ရာသီပေါ် အသီးအနှံ ဈေးကောင်းတွေရရှိကြဖို့ မျှော်လင့်နေကြတာပါ။

မွန်ပြည်နယ်တခုလုံးမှာ စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်တဲ့ ကွမ်းသီး၊ ရော်ဘာ၊ သံပုရာ၊ ကျွဲကော၊ ဒူးရင်း၊ နာနတ်၊ မင်းဂွတ် စတဲ့ အသီးအနှံတွေကအစ အဓိက စိုက်ပျိုးကြပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတွေထဲမှာ ကွမ်းသီး၊ ရော်ဘာကတော့ နိုင်ငံခြားဝင်ငွေတွေ အများဆုံး ရရှိပြီး မွန်ပြည်နယ်အတွက် အဓိကဝင်ငွေလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up