close

ကသာမြို့နယ်ရှိ ဝန်ထမ်းများ ၇ ရက်အတွင်း CDM လုပ်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမိန့်ထုတ်

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ အနေနဲ့ စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထား CDM လုပ်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ခံရတာ၊ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ စစ်ဘေး တိမ်းရှောင်နေကြတာတွေအတွက်  Non - CDM ဝန်ထမ်းတွေဟာ ပြည်သူကို မျက်ကွယ်ပြုလို့ စစ်ကောင်စီထောက်တိုင်အဖြစ် ရပ်တည်နေတာကို တွေ့ရှိရတယ်လို့ စက်တင်ဘာ ၉ ရက်က ထုတ်ပြန်တဲ့ အမိန့်အမှတ် (၃/၂၀၂၂)မှာ ဖော်ပြထားပါတယ်။

ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တယောက်က  "ကသာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအားလုံးကို စက်တင်ဘာ ၉ ရက်ကစပြီး စက်တင်ဘာ ၁၆  ရက်အထိ  ၇ ရက်အတွင်းမှာ CDM ပြုလုပ်ကြဖို့၊ အလင်းဝင်ကြဖို့ သတိပေးအကြောင်းကြားတာ ပါ။ ပြည်သူက ကျွေးတဲ့ ထမင်းကို စားပြီး ပြည်သူကို အဓမ္မဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီ လက်ပါးစေ အဖြစ်ကနေ စွန့်ခွာကြပါလို့ပဲ ပြောချင်ပါတယ်" လို့  ပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာ   Non - CDM ဝန်ထမ်းတွေအနေနဲ့ စက်တင်ဘာ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး အလင်းဝင်ရန်၊ ပြည်သူလူထုနဲ့ CDM ဝန်ထမ်းတွေကို အနှောင့်ယှက်ပေးတာ ခြိမ်းခြောက်တာ မပြုလုပ်ဖို့၊ ဖမ်းဆီးစေဖို့ သတင်းပေးတာ၊ စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖို့ ရည်ရွယ်တဲ့ စာရင်းဇယားတွေ လုံးဝ မပြုစုပေးဖို့နဲ့ မလိုက်နာဘူးဆိုရင် NUG အစိုးရက ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ အပြင်းအထန်အရေးယူသွားမယ်လို့ ပါရှိပါတယ်။

 ဇူလိုင် ၁၂ ရက်ကလည်း ကသာခရိုင်ထဲက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို  ၁၀ ရက်အတွင်း မိမိတို့ရာထူးတာဝန်ကနေ စွန့်လွှတ်ကြဖို့နဲ့ မိမိတို့ ကျရာနယ်မြေကနေ စွန့်ခွာကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကသာခရိုင်) က ညွှန်ကြားထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up