close

မင်းပြားတွင် လူငယ် ၂ ဦး ပစ်ခတ်ခံရ၊ ဖမ်းဆီးခံ ဘူးသီးတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးနှင့် အဆက်သွယ် မရ၍ မိသားစု စိုးရိမ်

ရခိုင်ပြည်နယ် မင်းပြားမြို့ ရာမောင်တံတားနားမှာ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက ဆိုင်ကယ် စီးလာတဲ့ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာ ကြောင့် လူငယ်တယောက် ကျည်သင့်ဒဏ်ရာ ရခဲ့တယ်လို့ မင်းပြားမြို့ခံ တဦးက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက် ၁၀ နာရီကျော်လောက်က  ရာမောင်တံတားထိပ်မှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ယောက်ကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် လူငယ်တယောက်ပေါင်မှာ သေနတ်ကျည် ထိမှန်ဒဏ်ရာရပြီး သူတို့ တပ်စွဲထားတဲ့ အဲဒီနားက တောင်ပေါ်ကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

မင်းပြားမြို့ခံက “အဲဒီလူငယ်တွေဟာ ဘယ်ရွာကလည်း ဆိုတာကိုတော့ မသိရသေးဘူး။ ရာမောင် တံတားဘက်ကနေ ငါးစရိုင်းချောင်း မင်းရွာဘက်ကို သွားတဲ့သူတွေပါ။ ဆေးရုံကို မပို့ဘဲ တပ်စွဲ ထားတဲ့ တောင်ကုန်းပေါ်ကို ဆွဲတင်သွားကြတာ” လို့ ပြောပါတယ်။

မင်းပြားမြို့ကနေ ရာမောင်တံတားအထိ  နေရာအနှံ့ လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွား လမ်းလာတွေကိုလည်း စစ်ဆေးမေးမြန်းနေလို့ ဆိုပါတယ်။

မင်းပြားမြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် AA တို့ စစ်ရေး တင်းမာနေတယ်လို့ AA တပ်တော်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

စက်တင်ဘာ ၃ ရက်ကလည်း ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှနဲ့ မီးကျောင်းစျေးကျေးရွာအုပ်ချုပ်ရးမှူး အာမိန်းဟူးဆောင်တို့ကို ဘူးသီးတောင် ဗျူဟာမှာ အစည်းအဝေးရှိတယ်ဆိုပြီး ခေါ်ယူကာ ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

တပ်မင်းချောင်းကျေးရွာသားတဦးက "စက်တင်ဘာ ၃ ရင်မှာ ကျနော်တို့ရွာက အုပ်ချုပ်ရေးမှူး အပါအဝင် တခြားကျေးရွာ ၁၁ ရွာက အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်တယ်လို့ သိရတယ်။ အစည်းအဝေးတွေကလည်း အမြဲတမ်းခေါ်နေကျပဲ။ အဲဒီနေ့က ဗျူဟာကိုရောက်တော့ ဗျူဟာကနေပြီးတဆင့် ၂၃၄ တပ်ရင်းကို ပို့ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို တညနဲ့ တရက် စစ်ဆေးတယ်လို့ သိရတယ်။ အဲဒါမှာ ကျနော်တို့ရွာက အုပ်ချုပ်ရေးမှူးနဲ့ မီးကျောင်းစျေးရွာက အုပ်ချုပ်ရေးမှူးကို ဖမ်းထားလိုက်ပြီးတော့ တခြားအုပ်ချုပ်ရေးမှူး ၁၀ ယောက်ကို ပြန်လွှတ် ပေးလိုက်တယ်။ သူတို့ နှစ်ဦးကို ဒီနေ့အထိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီက ခေါ်ယူစစ်ဆေးခံရသူတွေကတော့ နန်းရာကုန်းကျေးရွာ၊ ပြင်ရှည်၊ စံညှင်းဝေ၊ တပ်မင်းချောင်း၊ လောင်းချောင်း၊ ငကျိုက်တောင်၊ မီးကျောင်းဂေါင်းစွဲ၊ ပဒနာကျေးရွာ၊ အင်းချောင်း၊ သရက်ကင်းမနူး၊ မီးကျောင်းစျေးနဲ့ ဓားပိုင်ဆရာ စတဲ့ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ ဖြစ်ကြပါတယ်။ 

စစ်ကောင်စီက အခုလို ဖမ်းဆီးနေတာကြောင့်  ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ စိုးရိမ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ)ကြား တိုက်ပွဲပြင်းထန်မှုတွေ ရှိလာပြီး စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ကာ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်အစောပိုင်းက မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် AA တို့ တိုက်ပွဲ ပြင်းထန်ကာ စစ်ကောင်စီဘက်က ရဟတ်ယာဥ် ၂ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော်AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး သြဂုတ်လအတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၆၆ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင်တပ်တော်AA က သြဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up