ဇာပိုရဇ်ဇီယား နျူဓာတ်အားပေးစက်ရုံ မတော်တဆဖြစ်နိုင်ခြေ မြင့်နေဟု IAEA သတိပေး

ယူကရိန်းနိုင်ငံ အန်နာဟိုဒါမြို့ကို ပစ်ခတ်ခဲ့မှုကြောင့် ရုရှားက ထိန်းချုပ်ထားတဲ့ ဇာပိုရဇ်ဇီယား နျူကလီးယား ဓာတ်အားပေးစက်ရုံမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ခဲ့ပြီး ဘေးကင်းတဲ့ လည်ပတ်မှုကို ထိခိုက်စေကြောင်း နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ Rafael Grossi က စက်တင်ဘာ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ယုံကြည်စိတ်ချရတဲ့ offsite ဓာတ်အား ပြန်ရရှိဖို့ အခွင့်အလမ်းနည်းနေပြီး ဒီပစ်ခတ်မှုကြောင့် အော်ပရေတာတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အန္တရာယ် ပိုရှိစေကြောင်းနဲ့ နျူကလီးယား မတော်တဆမှု ဖြစ်နိုင်ခြေ သိသိသာသာ တိုးမြင့်လာကြောင်းလည်း သူက ပြောပါတယ်။
Grossi က သူ့ရဲ့ဗီဒီယိုထုတ်ပြန်ချက်ထဲမှာ ဇာပိုရဇ်ဇီယားနျူကလီးယားဓာတ်အားပေးစက်ရုံ အနီးတဝိုက်မှာ ပစ်ခတ်မှုကို ရပ်တန့်ရမှာဖြစ်ပြီး နျူကလီယားဘေးကင်းရေးနဲ့လုံခြုံရေး ကာကွယ်ရေးဇုန်ကို ချက်ချင်း သဘောတူပေးရမယ်လို့လည်း ပြောပါတယ်။
စက်ရုံဟာ စစ်ပွဲရဲ့အပေါင်ပစ္စည်းအဖြစ် လုံးဝမဖြစ်သင့်ကြောင်းနဲ့ သူ့ရဲ့ ကံကြမ္မာကို စစ်ရေး နည်းလမ်းနဲ့ ဆုံးဖြတ်ရမှာ မဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။ ဒီလိုလုပ်ဆောင်မှုရဲ့ အကျိုးဆက်တွေက အရမ်းကြီးတယ်လို့ ပြောပါတယ်။
IAEA စစ်ဆေးရေးမှူးတွေဟာ ဇာပိုရဇ်ဇီယား နျူကလီးယား ဓာတ်အားပေးစက်ရုံမှာ ရှိနေပြီး ဇုန်ရဲ့ အကောင်အထည်ဖော်မှုကို လွယ်ကူချောမွေ့စေနိုင်ကြောင်းနဲ့ အချိန်ဖြုန်းနေလို့ မရကြောင်းလည်း သူက ပြောသွားပါတယ်။