နေတိုးအကြီးအကဲနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို သွားရောက်ပြီးနောက် စက်တင်ဘာ ၉ ရက်က နေတိုးမဟာမိတ်တပ်ဖွဲ့အကြီးအကဲ ယန်းစ်စတော့တန်ဘာ့ဂ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘလင်ကန်ဟာ မဟာမိတ်အဖွဲ့က သံတမန်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး သူ့ခရီးစဉ်အကြောင်း တစိတ်တပိုင်းကို ပြန်လည်တင်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ယူကရိန်းခရီးစဉ်မှာ စစ်ဘက်ဆိုင်ရာအကူအညီအသစ်တွေ ကတိပြုခဲ့ကြောင်းနဲ့ ရုရှားတပ်ဖွဲ့တွေအပေါ် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်တွေနဲ့ပတ်သက်ပြီးတော့ အကျဉ်းချုံး တင်ပြခဲ့တာပါ။
ဒါဟာ ဥရောပနိုင်ငံတွေအကြား စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့ ဘိုင်ဒင်အစိုးရက လုပ်ဆောင်နေတဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းရေးရဲ့ တစိတ်တကပိုင်းဖြစ်ကြောင်း နိုင်ငံခြားရေးဌာနမှ အကြီးတန်း အရာရှိတဦးက ဘရပ်ဆဲလ် ခရီးစဉ်မတိုင်ခင်မှာ ပြောပါတယ်။
ဥရောပမှာ စွမ်းအင်ကုန်ကျစရိတ် တိုးမြင့်လာတဲ့ ဆောင်းရာသီကို ရင်ဆိုင်နေရချိန်မှာ ဝါရှင်တန် ဟာ စည်းလုံးညီညွတ်မှုကို အားကောင်းအောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ကြုံလာရတဲ့ စွမ်းအင်အကျပ်အတည်းဟာ နောက်ဆုံးမှာတော့ ရုရှားစွမ်းအင်ကို မှီခိုနေရခြင်းမှ ကင်းဝေးစေဖို့ တခါတည်းအပြီး ပြတ်ပြတ်သားသား အရွှေ့အပြောင်းလုပ်ဖို့ အခွင့်အလမ်းတခု ဖြစ်လာကြောင်း ဘလင်ကန်က အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာပဲ နေတိုး အတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က ဆောင်းရာသီမှာ ရုရှားရဲ့ကျူးကျော်မှုကို ယူကရိန်းတပ်တွေ ဆက်လက်တိုက်ခိုက်နိုင်ဖို့အတွက် အဝတ်အထည်၊ တဲတွေနဲ့ မီးစက်တွေလို ဆောင်းရာသီ အသုံးအဆောင်ပစ္စည်းတွေကို ပံ့ပိုးထောက်ပံ့ပေးကြဖို့ မဟာမိတ်တွေကို တိုက်တွန်းခဲ့ပါတယ်။