close

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ထိုင်းယာယီဝန်ကြီးချုပ်လာရောက်

ထိုင်းနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ် ပရာဝစ်ဝုန်းဆုဝမ်း (ခ) ဘစ်ပွမ့်ဟာ တာဝန်ယူစဉ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၁၂ ရက်က ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်ဟာ ပြည်သူလူထုကောင်းမွန်စွာလုပ်ကိုင်စားသောက်နိုင်ရေး၊ အေးချမ်းစွာ နေနိုင်ရေးအတွက် လိုအပ်တာတွေ ပံ့ပိုးဆောင်ရွက်ဖို့ရောက်ရှိလာတာဖြစ်ကြောင်း၊ ပြည်သူတွေအဆင်ပြေမှ အစိုးရအဆင်ပြေမှာဖြစ်သလို အစိုးရအဆင်ပြေမှလည်း ပြည်သူတွေ အဆင်ပြေမှာမို့ ပြည်သူနဲ့အစိုးရ အစဉ်အမှီသဟဲပြုနေကြောင်း၊ ဒါကြောင့် ပြည်သူတွေ အဆင်ပြေဖို့ အစိုးရကို ထောက်ခံအားပေးဖို့ ယာယီဝန်ကြီးချုပ် ဘစ်ပွမ့်က ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံရာမှာ ပြောသွားပါတယ်။

ဒီခရီးစဉ်မှာ ဒီဂျစ်တယ်နည်းပညာဝန်ကြီး၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီး၊ သဘာဝ ပတ်ဝန်းကျင်သယံဇာတဝန်ကြီး၊ စီမံစီးပွါးဘဏ္ဍာရေးဝန်ကြီး စတဲ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေပါ လိုက်ပါလာကြပြီး ဒေသတွင်းရေအရင်းမြစ်စီမံခန့်ခွဲခြင်း၊ နယ်စပ်ဒေသ လုံခြုံရေး၊ နယ်ခြားစောင့်တပ် တာဝန်ယူမှုအခြေအနေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး နေထိုင်မှုဘဝတွေ လာရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနက်ပိုင်းမှာ တာ့ခ်ခရိုင်ဝန်၊ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေနဲ့တွေ့ဆုံ အမှာစကား ပြောကြားခဲ့ပါတယ်။

တာ့ခ်ခရိုင်မှာ နှစ် ၂၀ ဖွံ့ဖြိုးရေး (အကြီးစား/အလတ်စား/အငယ်စား) စီမံကိန်း ၁၁၀ ခုလုပ်ဆောင်နေပြီး  ရန်ပုံငွေ ဘတ်သန်းပေါင်း ၃၂၀၅၈ သန်း သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် မဲဆောက်မြို့နယ် မယ်ပရပ်ကွက်ရှိ လူထုသိပ္ပံစိုက်ပျိုးမွေးမြူရေးစီမံကိန်းအတွက် မြေဧက ၃၀ နီးပါးပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခဲ့ပါတယ်။

ဆက်လက်ပြီး မဲဆောက်ချိုင့်ဝှမ်းရေလှောင်တမံကိုသွားရောက်စစ်ဆေးပြီး ရေပေးဝေမှု လုပ်ငန်းအခြေအနေတွေ စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် အုန်းဖျံမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ဝန်ကြီးချုပ်နဲ့ လာရောက်တွေ့ဆုံပြီး ဒေသထဲ မကြာခဏရေကြီးမှုကြောင့် ပျက်စီးနေတဲ့လမ်းတံတားတွေပြုပြင်ဖို့နဲ့ လမ်းသစ် ဖောက်လုပ်ရေး တွေအတွက် ရန်ပုံငွေ သန်းပေါင်း ၂၀ ကျော်တင်ပြတောင်းဆိုခဲ့ပါတယ် ။ 

ဒစ်ဂျစ်တယ်လ်နဲ့နည်းပညာဝန်ကြီးကလည်း တာ့ခ်၊ အုန်းဖျံနဲ့ ဖုပ်ဖရမြို့နယ် ၃ ခုက ကျေးလက်တောရွာတွေမှာ အင်တာနက်တာဝါတိုင် ၂၀  စိုက်ထူပေးခဲ့ကာ မြို့နယ်အတွင်းရှိ ပြည်သူတွေ ၊ ကျောင်းသားလူငယ်တွေနဲ့တွေ့ဆုံပြီး အင်တာနက်နည်းပညာ အခြေခံအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။

ဘစ်ပွမ့်ဟာ ယာယီဝန်ကြီးချုပ်ဖြစ်ပေမယ့် ဝန်ကြီးချုပ်လုပ်ပိုင်ခွင့်အပြည့်အဝရှိပြီး တာ့ခ်နဲ့ မဲဆောက်ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြည်သူတွေကလည်း သူ့ကို တကယ့်ဝန်ကြီးချုပ်တယောက်ကို  ကြိုဆိုခဲ့ကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယုတ်ကျန်အိုးချား လုပ်သက် ၈ နှစ်ပြည့်လို့ တာဝန်မှ ယာယီရပ်ဆိုင်းခံနေရစဉ်  ဒုဝန်ကြီးချုပ် ပရာဝစ်ဝုန်းဆုဝမ်းက ယာယီဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေတာပါ။ 

ကိုးကား- The Bangkok Time/Siamrath

Photo Credit- Maesot Media

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up