close

တမူးမြို့နယ်၌ စစ်ကောင်စီတပ်ပိုင် ဘီယာနှင့် အရက်ပုလင်းများကို တမူး PDFက သိမ်းဆည်းရမိ

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း လိုင်းကားတစီးပေါ်မှာ  စစ်ကောင်စီတပ်ကမှာယူထား အရက်ပူလင်း၊ ဘီယာဘူးတွေနဲ့   လူငယ်ခရီးသည်တွေထံက မူးယစ်ဆေးဝါးတွေကို စက်တင်ဘာ ၁၂ ရက်မှာ  တမူး PDF သိမ်းဆည်းရမိလို့ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

တမူးမြို့ဘက်ကနေ အောင်ဇေယျရွာဘက်သို့ ဦးတည်မောင်းနှင်လာတဲ့ လိုင်းကားတစီးပေါ်မှာ မသင်္ကာဖွယ်ရာ ရေခဲပုံးအသစ် ပါကင်တပုံးကို တွေ့ရှိလို့ ​စစ်ဆေးကြည့်ရာ အပေါ်ယံမှာ ရေခဲဖြူတုံးတွေဖုံးအုပ်ထားပြီး အောက်မှာ အရက်ပုလင်းနဲ့ ဘီယာဘူးတွေ သိုဝှက်သယ်ဆောင်လာတာကို PDF တပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တာပါ။ 

ဒီပစ္စည်းတွေဟာ စစ်ကောင်စီတပ်စခန်းတခုမှာ ချပေးရမယ့် အော်ဒါမှာထားတဲ့ ရေခဲပုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်လို့  တမူး PDF တပ်ရင်း(၁)ရဲ့တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေကို  စစ်ဆေးခဲ့ရာ ခရီးသည်လူငယ်သုံးယောက်ထံကနေ သူတို့သုံးစွဲဖို့ ယူဆောင်လာတဲ့ မူးယစ်စိတ်ကြွဆေးပြားတွေကို  စစ်ဆေးတွေ့ရှိရလို့ ခရီးသည်တွေ ရှေ့မှောက်မှာ မီးရှို့ဖျက်ဆီးပြီး မူးယစ်ဆေးအန္တရာယ် ပညာပေးဟောပြောကာ ပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

တမူးမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီထုတ် ကုန်ပစ္စည်းတွေ တရားမဝင်သစ်၊ ကျွဲနွား၊ မူးယစ်ဆေးနဲ့  မှောင်ခိုလုပ်ငန်းကရတဲ့ တရားမဝင် ငွေမည်းတွေ စစ်ဆေးတွေ့ရှိပါက လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့လည်း တမူး PDF က သတိပေးထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up