ဘဲလာရုစ်နယ်စပ်အနီးတွင် ယူကရိန်းတပ်ဖွဲ့များ တိုက်ခိုက်ရေးလေ့ကျင့်

ယူကရိန်းတပ်ဖွဲ့တွေ ဘဲလာရုစ်နိုင်ငံ နယ်စပ်နားမှာ တိုက်ခိုက်ရေး လေ့ကျင့်နေတဲ့ ရုပ်သံကို ယူကရိန်း ပြည်တွင်းရေးရာဝန်ကြီးဌာရဲ့ဝက်ဘ်ဆိုက်မှာ စက်တင်ဘာ ၁၃ ရက်က လွှင့်တင်လိုက်ပါတယ်။
ဗွီဒီယိုထဲမှာ အမည်မသိ တောအုပ်တခုထဲ တိုက်ခိုက်ရေးဝတ်စုံဝတ် အမျိုးသားတွေက လက်နက်ကိုင်ထားပြီး ဖုံးကွယ်ထားတဲ့ ယာဉ်တွေကို မောင်းနှင်နေတာ ပြထားပါတယ်။
ဒီတပ်ဖွဲ့တွေထဲမှာ ယူကရိန်းအမျိုးသားအစောင့်တပ်၊ ပြည်နယ် နယ်ခြားစောင့်တပ်နဲ့ ယူကရိန်းစစ်တပ်ရဲ့ နယ်မြေကာကွယ်ရေးတပ်ဖွဲ့တို့ ပါတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်မှာ “ရန်သူ့တပ်တွေဆီက နယ်မြေတွေ ပြန်ရရေးနဲ့ ရှင်းလင်းရေး ဆောင်ရွက်ရာမှာ ပူးပေါင်းလေ့ကျင့်ဖို့ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေ ဖော်ထုတ်ပိတ်ဆို့တာနဲ့ ဖျက်သိမ်းတာတွေကို လုပ်ဆောင်ဖို့လို့လည်း ဖော်ပြထားပါတယ်။
ဗွီဒီယိုထဲက တည်နေရာကို သီးခြား အတည်မပြုနိုင်ပါဘူး။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူ့တပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေဆီကနေ စတုရန်းကီလိုမီတာ ၄,၀၀၀ ကျော်ကို ပြန်လည်ရယူခဲ့ပြီးပြီလို့ မနေ့က ပြောပါတယ်။
ယူကရိန်းပဋိပက္ခဟာ ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့ပြီး ရုရှားက ယူကရိန်းနိုင်ငံအတွင်း သူ့လုပ်ရပ်တွေကို အထူးစစ်ရေးစစ်ဆင်ရေးအဖြစ် ဖော်ပြခဲ့ပါတယ်။