close

ဘန်ကောက် စစ်တက္ကသိုလ်လေ့ကျင့်ရေးကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက် ဒုစစ်နယ်မြေ ထိုတ်ဒမ်ရီလမ်းပေါ်ရှိ စစ်တက္ကသိုလ် မဟာဗျူဟာ လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ဒီကနေ့ မနက် ၉ နာရီခွဲလောက်က ပစ်ခတ်မှုဖြစ်ပွားပြီး ထိုင်းစစ်သား ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရသွားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

သင်တန်းခန်းထဲမှာ အရာခံဗိုလ်အဆင့်ရှိသူတဦးက လုပ်ဖော်ကိုင်ဖက်တွေကို အကြောင်းမဲ့ ပစ်ခတ်တာဖြစ်ပြီး ၁၀ ယောက်ပြည့်အောင် ပစ်သတ်မယ်လို့လည်း ကြုံးဝါးခဲ့ကြောင်း၊ ပစ်ခတ်မှု ကြောင့် အရာခံဗိုလ်အဆင့်ရှိ  နုပ်ဖလတ် အင်းထဆွန်၊ ပကန်ဆင်ဆုန်တို့ ဦးခေါင်းကျည်ထိ ဒဏ်ရာနဲ့ သေဆုံးပြီး အရာခံဗိုလ် ယုန်ယုဒ်ပန်းယားဝပ်ကတော့ လက်မောင်းမှာ ထိခိုက်ဒဏ်ရာရ သွားပါတယ်။

ပစ်ခတ်သူကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အဆောင်ကိုပိတ်ဆို့ပြီး ဝင်ရောက်ဖမ်းဆီးရာ နာရီဝက် အကြာမှာမှ လက်နက်ချအဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုကျူးလွန်သူမှာလည်း အရာခံဗိုလ်အဆင့်ရှိ ယုန်ယုဒ်မန်းကွဏ်းကိမ်း (၅၁) နှစ်ဖြစ်ပြီး ဘာကြောင့် ခုလိုပစ်ခတ်ရသလဲဆိုတာကိုတော့ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းနေဆဲလို့ ဆိုပါတယ်။ 

သေဆုံးသူတဦးရဲ့ အစ်မဖြစ်သူက မောင်ဖြစ်သူဟာ ရိုးရိုးသားသားကြိုးစားသူဖြစ်ပြီး ဘယ်သူနဲ့မှ ရန်ငြှိုးရန်စမရှိခဲ့ကြောင်း၊ ပစ်ခတ်သူကိုလည်း အရင်က တခါမှမမြင်ဖူးကြောင်း၊ ဘာကြောင့် အခုလို သေအောင်ပစ်ရသလဲဆိုတာ စဉ်းစားမရဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

ကိုးကား - www.khaosod.co.th

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up