ဘော်စတွန်မြို့ရှိ တက္ကသိုလ်တွင် ဗုံးပေါက်ကွဲပြီး ၁ ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်က ဘော်စတွန်မြို့ရှိ နော့သ် အိစတန်း တက္ကသိုလ်မှာ စက်တင်ဘာ ၁၃ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတယောက် ထိခိုက်သွားပေမဲ့ အသက်အန္တရာယ်မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒဏ်ရာရရှိသူမှာ တက္ကသိုလ်ဝန်ထမ်းတယောက်ဖြစ်ပြီး ဗုံးပါတဲ့အထုပ်ကို ဖွင့်နေတုန်း ပေါက်ကွဲခဲ့တာဖြစ်ကြောင်း တက္ကသိုလ်ရဲ့ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး WCVB ရုပ်သံက ဖော်ပြခဲ့ပါတယ်။
ဘော်စတွန်ရဲဌာနက အရာရှိ အန်ဒရေးဝပ်ဆန်ရဲ့ ပြောကြားချက်အရ ရဲတပ်ဖွဲ့ကို ည ၇ နာရီလောက်မှာ ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဗုံးတပ်ခွဲ၊ ဘော်စတွန်မီးသတ်ဌာနနဲ့ ဘော်စတွန် အရေးပေါ် ဆေးဘက်ဆိုင်ရာ ဌာနတို့က အခင်းဖြစ်ပွားမှုကို ပါဝင်စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ FBI ကလည်း ဘော်စတွန်ရှိ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို အကူအညီ ပေးနေပါတယ်။
အဆောက်အအုံခြောက်ခုမှာ ညနေပိုင်းသင်တန်းတွေကို ဖျက်သိမ်းခဲ့ကြောင်း ကျောင်းဝင်းရဲတပ်ဖွဲ့က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။