close

တနှစ်အတွင်း ထိုင်းအွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ဒ်ပေါင်း ၂,၈၀၀ ကျော် ဖြိုခွင်း ပိတ်သိမ်းခံရ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ တနှစ်တာအတွင်း အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ဒ်ပေါင်း ၂,၈၀၀ ကျော်ကို ဖြိုခွင်းပိတ်သိမ်းခဲ့ရတယ်လို့ ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ အများသူငါနဲ့ လူငယ်တွေအပေါ် အွန်လိုင်းလောင်းကစားရဲ့ ဆိုးကျိုးသက်ရောက်စေမှုကို တားဆီးကာကွယ်ရေးကမ်ပိန်း အနေနဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အပါအဝင် ဝန်ကြီးဌာနက တွဲဖက်ဆောင်ရွက်ခဲ့တာလို့ ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ချိုင်ဝပ် သနာကမ်မနူဆွန်က ပြောပါတယ်။

ဒီကမ်ပိန်းအောက်မှာတော့ ဝန်ကြီးဌာနက သက်သေအထောက်အထားတွေ စုဆောင်းပြီး ဝက်ဘ်ဆိုက်ဒ်တွေကို ပိတ်သိမ်းနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သက်ဆိုင်ရာစွဲချက်တွေ တင်နိုင်စေရေးအတွက် သတင်းအချက်အလတ်တွေပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ အခုနှစ် ဩဂုတ်လအထိ ၁၂ လတာ အတွင်းမှာတော့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေအနေနဲ့ အွန်လိုင်းလောင်းကစား ဝန်ဆောင်မှု ဝက်ဘ်ဆိုက်ဒ်ပေါင်း ၂,၈၁၉ ခုကို ပိတ်သိမ်းနိုင်ခဲ့ပြီး ဒါဟာ အရင်တနှစ်က ပိတ်သိမ်းခဲ့တဲ့ ပမာဏထက် ၂ ဆကျော် ပိုများပြားလာခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်ဒ်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရှိခဲ့ရင် ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနရဲ့ အရေးပေါ် ဟော့ထ်လိုင်းနံပါတ် ၁၂၁၂ ကို ဆက်သွယ်တိုင်ကြားနိုင်သလို @DESMonitor ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာကတဆင့်လည်း ဆက်သွယ်အသိပေးနိုင်တယ်လို့ ဝန်ကြီး ချိုင်ဝပ်က တိုက်တွန်းထားပါတယ်။

“အွန်လိုင်းလောင်းကစားက လောင်းကစားထပ်တိုးတာ၊ တရားမဝင် ငွေချေးတာ၊ အင်တာနက် ဒါမှမဟုတ် ကောလ်စင်တာတွေကနေတဆင့် ကိုယ်ရေးကိုယ်တာနဲ့ ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်တွေကို လိမ်လည်လှည့်ဖြားတာမျိုး စတဲ့ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် လူငယ်တွေနဲ့ အများပြည်သူကို ကြီးမားတဲ့ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ဒီဝက်ဘ်ဆိုက်ဒ်တွေကို ဆက်လက်ရှာဖွေပြီး ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ အော်ပရေတာတွေကို ဥပဒေနဲ့အညီ အပြည့်အဝ တရားစွဲဆိုနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up