အီတလီတွင် မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် လူ ၇ ဦးထက်မနည်းသေဆုံး

အီတလီအလယ်ပိုင်း မာ့ရ်ခေဒေသမှာ စက်တင်ဘာ ၁၅ ရက် ညနှောင်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာတွေကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး တခြား ၃ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အီတလီမီဒီယာတွေက စက်တင်ဘာ ၁၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အချိန် ၂ နာရီကနေ ၃ နာရီအတွင်း မိုးရေချိန် ၄၀၀ မီလီမီတာ (၁၅ လက်မကျော်) လောက် ရွာသွန်းခဲ့တာကြောင့် အန်းခို့နာနဲ့ ပီဆားရို အူရ်ဘီနို ပြည်နယ်တွေရှိ မြို့အများအပြားရဲ့ လမ်းတွေကို ရေလွှမ်းမိုးသွားတာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
အီတလီ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနမှ ထုတ်ပြန်တဲ့ ဗီွဒီယိုဖိုင်မှာ မီးသတ်သမားတွေဟာ လူတွေကို ကယ်ဆယ် နေရာရွှေ့ပြောင်းပေးဖို့ ပင်လယ်ကမ်းစပ်မြို့ ဆီနီဂါလီယာရဲ့ လမ်းတွေပေါ်မှာ လှေတစင်းနဲ့ သွားလာနေတာကို ပြထားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
တချိန်တည်းမှာပဲ အီတလီရဲ့ ဗဟိုလက်ဝဲဒီမိုကရက်တစ်ပါတီ (PD) ရဲ့ ခေါင်းဆောင်က စက်တင်ဘာ ၂၅ ရက် အမျိုးသားရွေးကောက်ပွဲမတိုင်မီ ဒေသတွင်းမှာ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုကို ရပ်တန့်ထားမှာဖြစ်ကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။