close

အမေရိကန် မီးရထားကုမ္ပဏီများနှင့် သမဂ္ဂများ အကြိုသဘောတူညီမှုရပြီး သပိတ်မှောက်မှု ရှောင်လွှဲနိုင်ခဲ့

လုံလောက်တဲ့ လုပ်ခလစာနဲ့ ပိုကောင်းတဲ့ လုပ်ငန်းခွင်အခြေအနေတို့ကို တောင်းဆိုထားတဲ့ အမေရိကန် မီးရထားဝန်ထမ်းတွေရဲ့ စက်တင်ဘာ ၁၆ ရက်မှာ ရထားလမ်းပိတ်ပြီး သပိတ်မှောက်မယ့် အခြေအနေကနေ ရှောင်လွှဲနိုင်ခဲ့ပြီး အဓိက အမေရိကန် မီးရထားကုမ္ပဏီတွေနဲ့ သမဂ္ဂတွေဟာ စက်တင်ဘာ ၁၅ ရက်မှာ အကြိုသဘောတူမှု ရရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံတဝန်းရှိ စားနပ်ရိက္ခာနဲ့ လောင်စာဆီ ထောက်ပံ့မှုကို ထိခိုက်နိုင်တဲ့ ရထားလမ်းပိတ်ဆို့မှုကို ရှောင်ရှားနိုင်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးပိုင်းက ကြားဝင်စေ့စပ်ခဲ့ပြီး နာရီပေါင်း ၂၀ ကြာ အပြင်းအထန် ဆွေးနွေးခဲ့ရတာပါ။

ဒေသစံတော်ချိန် မနက် ၅ နာရီမှာ ကြေညာထားတဲ့ သဘောတူညီချက်ကို လက်ခံရင် အခကြေးငွေ ကန့်သတ်ခံထားရတဲ့ အလုပ်သမားတွေဟာ ဂဏန်းနှစ်လုံး တိုးလာမှာဖြစ်ပြီး အပြစ်ပေးခံရမှာ ကြောက်စရာမလိုဘဲ ဆေးဝါးကုသခွင့် အမျိုးအစားတွေကို ရှာဖွေလာနိုင်မှာ ဖြစ်ပါတယ်။ သဘောတူညီချက်အသစ်မှာ လုပ်အားခ ၁၄ ဒသမ ၁ ရာခိုင်နှုန်း ချက်ချင်းတိုးပေးဖို့လည်း ပါဝင်ပါတယ်။

ကြိုတင်အဆိုပြုချက်တွေကို ခါးခါးသီးသီး ငြင်းပယ်ခဲ့တဲ့ အဖွဲ့ဝင် သမဂ္ဂတွေဟာ အခုအခါ ဒီသဘောတူညီချက်အပေါ် မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဒီမဲတွေ မအောင်မြင်ရင်တောင် သောကြာနေ့ ညသန်းခေါင်ကျော်ပြီး တမိနစ်မှာ ဖြစ်ပွားနိုင်တဲ့ ရထားလမ်းသပိတ်ဟာ သဘောတူညီချက်မှာ ပါဝင်တဲ့ စံဘာသာစကားကြောင့် ရက်သတ္တပတ် အတော်ကြာ ဆိုင်းငံ့ထားကြောင်း ဒီဆွေးနွေးပွဲနဲ့ ကျွမ်းဝင်သူတယောက်က ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ဒီသဘောတူညီချက်ကို အိမ်ဖြူတော်ရဲ့ နှင်းဆီဥယျာဉ်ကနေ ကြေညာလိုက်ပြီး ဒါဟာ အမေရိကအတွက် ထောင်နဲ့ချီတဲ့ ရထားလမ်းလုပ်သားတွေအတွက် အောင်ပွဲကြီးဖြစ်တယ်လို့ ခေါ်ဆိုလိုက်ပါတယ်။

ဒီမိုကရက်တစ်သမ္မတက အနာဂတ်မှာ အလုပ်သမားနဲ့ ကုမ္ပဏီ သဘောတူညီချက်တွေ ပိုရရှိဖို့ ကတိပြုခဲ့ပါတယ်။

ဘဲဥပုံရုံးခန်းမှာ ဆွေးနွေးညှိနှိုင်းသူတွေနဲ့ အစည်းအဝေးအပြီးမှာ ဘိုင်ဒင်က ကူးစက်ရောဂါကာလအတွင်း ရထားတွေ ဆက်မောင်းနှင်ပေးတာတွေအတွက် မီးရထားလုပ်သားတွေနဲ့ ရထားကုမ္ပဏီတွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up