close

ဂန့်ဂေါနှင့် ပေါက်မြို့တို့တွင် စစ်ရှောင်အချို့အပါအဝင် ၅ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း  ဂန့်‌ဂေါမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုး‌လာတဲ့ စစ်‌ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၁၅ ရက်က မြေနီရွာအရှေ့ဖက် ထွဲချောင်းကို ရောက်လာပြီး မြေနီရွာက စစ်ဘေး ရှောင် ၁၀ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ခလရ ၅၀ တပ်က ဖမ်းဆီးထားတဲ့ စစ်ရှောင် ၁၀ ယောက်ထဲက  အမျိုးသမီး တချို့နဲ့ သက်ကြီးရွယ်အိုတွေကို ပြန်လွှတ်ပေးခဲ့ပြီး မြေနီရွာသား လေးယောက်ဖြစ်တဲ့ ကိုဇော်နိုင်၊ ကိုနန်းမောင်၊ ကိုတင်ဇော်နိုင်နဲ့ ကိုဘိုမြင့်တို့ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါနယ်ကဒေသခံ တဦးက "သူတို့တွေက တောထဲမှာ စစ်ဘေးရှောင်နေကြတာ။ စစ်ကောင်စီ တပ်သားတွေက PDF  ဝတ်စုံ တွေ ဝတ်ပြီး စစ်ကြောင်း ထိုးလာတာ။ ဖမ်းခံရသူတွေက ဒေသခံ စစ်ဘေးရှောင်တွေ ဖြစ်တယ်”လို့ ပြောပါတယ်။

အဲဒီ ခလရ ၅၀ တပ်က စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၁၅ ရက်ကလည်း ဂန့်ဂေါနယ် လယ်မရွာကဒေသခံနေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဂန့်ဂေါနယ်က မိဘပြည်သူများနဲ့ နယ်သူနယ်သားပြည်သူအပေါင်းတို့  စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းဝင်လာရင် ထိပ်တိုက် မတွေ့ဘဲ ဘေလွတ်ရာ ခပ်ဝေးဝေး‌ဒေသတွေမှာ ရှောင်နေပေးကြ ဖို့ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းကလည်း ပေါက်မြို့နယ်မှာ အမျိုးသားတယောက်ကို PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခရီးသွားပြည်သူတယောက်ဖြစ်တဲ့ ကိုကျော်သူကို စက်တင်ဘာ ၁၆ ရက် မနက် ၁၀ နာရီ လောက်က ပေါက်မြို့ အောင်တံခွန်ရပ်ကွက်မှာ စစ်ဆေးပြီး PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာလို့ အောင်တံခွန်ရပ်ကွက်ဒေသခံ တယောက်က ပြောပါတယ်။

“စစ်ကောင်စီနဲ့ အပေါင်းပါတွေက ကျနော်တို့ ရပ်ကွက်ထဲမှာ နေ့စဥ်ရက်ဆက် ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေကြလို့ ခရီးသွားပြည်သူတွေအနေနဲ့ လက်ကိုင်ဖုန်းကို လုံခြုံအောင်လုပ်ပြီးမှ သွားလာစေချင်တယ်။”

လတ်တလော ကိုကျော်သူကိုတော့ ပေါက်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားတယ်လို့ ပြောပါတယ်။

အခုအခါ စစ်တပ်က NLD ထောက်ခံသူတွေ၊ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ပရဟိတသမားတွေကို PDF ထောက်ပံ့သူလို့ စွပ်စွဲ ပြီးဆက်တိုက်ဖမ်းဆီးနေတယ်လို့ ပေါက်မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၁၆ ရက်အထိ နိုင်ငံတဝန်း  ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၂၄၁၂ ယောက်အနက် ၁၄၇၂ ယောက် ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP က စက်တင်ဘာ ၁၆ ရက်နမှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up