ရုရှားတပ်က ဖမ်းဆီးခဲ့သည့် သီရိလင်္ကာနိုင်ငံသားတစု ပြန်လည်လွတ်မြောက်

ရုရှားတပ်တွေက ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းက အချုပ်အနှောင်ကနေ လွတ်မြောက်လာ သူ သီရိလင်္ကာနိုင်ငံသား တစုဟာ သူတို့ ရိုက်နှက်တာခံခဲ့ရတာနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ အပါအဝင် သူတို့ လချီ ချုပ်နှောင်ခံရတဲ့ အတွေ့အကြုံတွေကို စက်တင်ဘာ ၁၈ ရက်က ထုတ်ပြောခဲ့ပါတယ်။
သူတို့ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို မကျူးကျော်မီ သုံးပတ်အလိုကမှ ကူပြန့်စ်ခ်မြို့မှာ ပညာသင်ဖို့ ယူကရိန်းကို ရောက်လာတာလို့ ရဲအရာရှိတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်မှာ ရုရှားတပ်တွေက မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ကူပြန့်စ်ခ်ကနေ ထွက်ပြေး ဖို့ ကြိုးစားပေမဲ့ ရုရှားစစ်ဆေးရေး ဂိတ်တခုမှာ ထိန်းသိမ်းခံခဲ့ရပြီး ဗဗ်ချန့်စ်ခ်မြို့ဆီကို ခေါ်သွား ခံခဲ့ရပါတယ်။
အဲဒီမှာ သူတို့အုပ်စုဟာ စက်ရုံဝင်းထဲမှာ အကျဉ်းချခံ ခဲ့ရပြီး အရိုက်ခံရတယ်၊ အစာကျွေးတာ၊ အိမ်သာ ဒါမှမဟုတ် အဝတ်လျှော်စက်သုံးတာတွေကို ကန့်သတ်ခံရတယ်လို့ ပြောပါတယ်။ အမျိုးသား ခြောက်ယောက်ကို တခန်းတည်းမှာ ချုပ်နှောင်ထားပြီး တဦးတည်းသော အမျိုးသမီးကို သူ့ဘာသာ သူ သော့ခတ်ထားတယ်လို့ သူတို့က ပြောပါတယ်။
သူတို့ရဲ့ လွတ်လပ်မှုအတွက် ရွေးနုတ်ဖိုး ပြန်ရွေးငွေ ပေးဖို့ တောင်းဆို ထားတယ်လို့လည်း သူတို့က ပြောပါတယ်။
ယူကရိန်းစစ်သားတွေက သူတို့ကို အကျဉ်းခန်းကနေ လွှတ်ပေးပြီးတဲ့နောက် သူတို့အဖွဲ့ဟာ ဗဗ်ချန့်စ်ခ်မြို့က ဟိုတယ်တခုဆီ ထွက်သွားပြီလို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲက ပြောခဲ့ပါတယ်။