မက္ကဆီကိုတွင် ငလျင်လှုပ်ပြီး လူ ၁ ဦးသေဆုံး၊ အဆောက်အဦများပြိုကျပျက်စီး

မက္ကဆီကိုနိုင်ငံအနောက်ပိုင်းမှာ စက်တင်ဘာ ၁၉ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့လို့ အဆောက်အဦတွေ ပျက်စီးပြီး အနည်းဆုံး လူတယောက်သေဆုံးပါတယ်။
ငလျင်ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သလို မက္ကဆီကို စီးတီးမြို့ခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။
ပစိဖိတ်သမုဒ္ဒရာနဲ့ ကပ်လျက် မန်ဇန်နေလို ဆိပ်ကမ်းမှာ ကုန်တိုက်အမိုးပြိုကျလို့ လူတယောက် သေဆုံးခဲ့ပြီး ဆေးရုံတစ်ခုမှာတော့ မှန်ပြုတ်ကျလို့ လူတယောက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ပြောပါတယ်။
မက္ကဆီကိုရဲ့ လူဦးရေ ကျဲပါးပြီး ငလျင်ဗဟိုချက်နဲ့နီးတဲ့ နိုင်ငံအနောက်ပိုင်း မီချွာကန်ပြည်နယ်မှာ ရှိတဲ့ ဆေးရုံအများအပြား ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းပေးပို့ပါတယ်။
ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၆ ရှိတဲ့ ငလျင်ဟာ အနောက်ဘက် ကမ်းရိုးတန်းနားက မန်ဇာနေလို ဆိပ်ကမ်းတည်ရှိရာ ကိုလီမာပြည်နယ်နဲ့ မီချွာကန်ပြည်နယ် နယ်နိမိတ် အနားမှာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှာ လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိစစ်တမ်းဌာန (USGS) က ပြောပါတယ်။
ဒီငလျင်ဟာ မြေအောက် အနက် ၉ မိုင် ကို ဗဟိုပြုလှုပ်ခတ်ခဲ့လို့ အနက်တိမ်တဲ့ အတွက် ငလျင်ပြင်းအား သက်ရောက်မှု ပိုကြီးခဲ့ပါတယ်။