close

အတ္တလန္တစ်ကောင်စီက ဖင်လန်နှင့် ဆွီဒင် ခေါင်းဆောင်များကို ကမ္ဘာ့နိုင်ငံသားဆု ချီးမြှင့်

ဖင်လန်နဲ့ ဆွီဒင် ခေါင်းဆောင်တွေကို စက်တင်ဘာ ၁၉ ရက်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ အတ္တလန္တစ်ကောင်စီက ကမ္ဘာ့နိုင်ငံသားဆုကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ဆုပေးပွဲ အခမ်းအနားကို လူကိုယ်တိုင် မတက်ရောက်နိုင်ပေမယ့် ဗီဒီယိုမက်ဆေ့ချ်ပေးပို့ခဲ့တဲ့ ဖင်လန်သမ္မတ ဆောင်းလေ နီးနစ္စတာက “ကမ္ဘာကြီးက ပိုပိုပြီးမလုံခြုံသလို ကွဲကွဲပြားပြား ကြီးထွားလာတာနဲ့အမျှ ကျနော်တို့တွေ ပိုပြီးတော့ နီးနီးကပ်ကပ် ရှိနေဖို့က အရေးကြီးပါတယ်။ အတူတကွ လုပ်ဆောင်ဖို့ အရေးကြီးတယ်”လို့ သူက ပြောပါတယ်။

ဆုချီးမြှင့်ခံရတဲ့ ဆွီဒင်ဝန်ကြီးချုပ် မဂ်ဒါလေနာ အန်ဒါဆန်ကတော့ “အိမ်နီးချင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဒီမိုကရက်စီအပေါ် ရုရှားရဲ့ ရန်လိုမှုဟာ ဆွီဒင်အတွက် အရေးပါတဲ့ အပြောင်းအလဲ ကာလပါပဲ။ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားဖို့ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်ဟာ နှစ် ၂၀၀ ကျော် ကြားနေမှုနှင့် ဘက်မလိုက်မှုတို့ အဆုံးသတ်တဲ့ အမှတ်အသားဖြစ်တယ်”လို့ ပြောပါတယ်။

ဆုရတဲ့ တခြားလူတွေကတော့ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို၊ Google နဲ့ Alphabet ကုမ္ပဏီတို့ရဲ့ အမှုဆောင် အရာရှိချုပ် ဆန်ဒါပီချိုင်တို့ အပြင် အကယ်ဒမီဆုရ သရုပ်ဆောင်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဖှောရက်စ် ဝှစ်တိတ်ကာတို့ ဖြစ်ပါတယ်။

နီးနစ္စတာနဲ့ အန်ဒါဆန် တို့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် နေတိုးအဖွဲ့ဝင်ဖြစ်ရေး သူတို့နိုင်ငံတွေရဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်အတွက် အသိအမှတ်ပြုခံခဲ့ရတာပါ။

အခုနှစ် အခမ်းအနားမှာ ကွယ်လွန်သူတွေဖြစ်တဲ့ ဂျပန် ၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေနဲ့ ၂၀၁၆ Global Citizen Award လက်ခံရရှိသူ ဘုရင်မကြီး ဒုတိယမြောက်အဲလိဇဘက် တို့ကို ဂုဏ်ပြုတဲ့ အခမ်းအနားလည်း ပါဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up