close

ထီးလင်းမြို့နယ် အညာတောရွာကို စစ်ကောင်စီတပ် မီးရှို့၊ ပြည်သူ ၃ ဦးကို ဖမ်းဆီး

မကွေးတိုင်း ထီးလင်းမြို့နယ် အညာတောရွာကို ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ ဖျက်ဆီးခဲ့ပြီး ညောင်လယ်ရွာက ပြည်သူ ၃ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“အဲဒီ စစ်(...)နဲ့ ပျူ(...) အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းက အညာတောရွာမှာ ညအိပ် စခန်းချနေတာ ၂ ညရှိပြီဗျ။ သူတို့ ဒီမနက် ၈ နာရီလောက်မှာ ပြန်ထွက်တော့ မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၆ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်” လို့ အညာတောရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

အညာတောရွာရဲ့တောင်ဘက် ညောင်လယ်ရွာက ပြည်သူ ၃ ယောက်ကိုလည်း စစ်သားတွေကဖမ်းခေါ်သွားပြီး စစ်ကြောင်းကတော့ တောင်ဘက်ကို ဦးတည်နေတယ်လို့ ဒေသခံကပြောပါတယ်။ 

ဒေသခံတယောက်က “စစ်(...)တွေ စစ်ကြောင်းထိုးလာတော့ ကျနော်တို့ တရွာလုံး ဘေးလွတ်ရာ တောတောင်ထဲတွေနဲ့ နီစပ်ရာကျေးရွာတွေက ဆွေမျိုးတွေဆီမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ကျနော်တို့ရွာက အိမ်ခြေ ၈၀ လောက်ရှိတာ။ စစ်(...)တွေက တအိမ်ဆင်းတအိမ်တက် မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားသလို အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်စားသွားကြတယ်” လို့ ဆိုပါတယ်။ 

မကွေးတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ သြဂုတ် ၂၅ ရက်နေ့အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံးမှာဆိုရင် အိမ်ခြေပေါင်း ၂၈၄၃၄ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up