close

Kpay အကောင့်များ ဆက်တိုက်ပိတ်ခံရသဖြင့် ပြည်သူများ ငွေကြေးဆုံးရှုံးလာ

မိုဘိုင်းလူမှုကွန်ရက်ကို အသုံးပြုပြီး ငွေသွင်းငွေထုတ်ပြုလုပ်နေရတဲ့ KBZ Pay Acc တွေ အခုရက်ပိုင်းအတွင်း အပိတ်ခံရတာကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ရှိတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။

ဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Kpay နဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းတွေအရ ပိတ်လာတာလို့ Kpay သုံးစွဲသူတဦးက ပြောပါတယ်။

“အခုက KPZ Pay ဖွင့်ထားတဲ့ မှတ်ပုံတင်ရယ်၊ ဆင်းကတ် မှတ်ပုံတင်ရယ် တူမှ သုံးခွင့်ပေးတာ၊ level 1 ပိတ်ပစ်တာ။ အရင်က ၁၉ ရက်နေ့ ကြေညာထားတာ၊ ၁၈ ရက်လောက်ကတည်းက ပိတ်ပစ်တာ။ ကျနော်တောင် ခြောက်သောင်းပါသွားတယ်" လို့ ပြောပါတယ်။

ဒီလို KBZ Pay အကောင့်မှာ level 1 သမားတွေ အကောင့်အပိတ်ခံရတာထက် level 2 အကောင့်များပါ အပိတ်ခံလာရတာကလည်း စဥ်းစားမရနိုင်အောင် ဖြစ်ရတယ်လို့ KPay အကောင့်ပိတ်ခံရသူတဦး ဒီဗွီဘီကို ပြောပါတယ်။

"ညီမဆို ဖုန်းမှတ်ပုံတင်ရော၊ Kpay မှတ်ပုံတင်ပါတူတယ်။ ဒါပေမဲ့ အကောင့်အပိတ်ခံရတယ်၊ ၁၇ သိန်းကျော်ပါသွားတယ်၊ KPay ဖုန်းဆက်တယ်၊ ဗဟိုဘဏ်ကို စာပို့ပါတဲ့၊ မှားဖျက်မိတာ ဖြစ်နိုင်တယ်တဲ့။ ဗဟိုဘဏ်ကို gmail က စာပို့ ရမှာတဲ့၊ ပြန်ရမှာလားမေးတော့ အဲ့ဒါတော့ မသိဘူးလို့ ပြောတယ်။ အကောင့်ပြန်ရတာ မရတာ နောက်မှ၊ ကိုယ့်ပိုက်ဆံပြန်ရဖို့ ကျိန်းသေမပြောနိုင်ဘူး။” 

KBZ Pay မှ အကောင့်ပိတ်သိမ်းလိုက်စဥ် ပါသွားတဲ့ငွေ ပြန်ရဖို့ ဗဟိုဘဏ်ကို ဆက်သွယ်ခဲ့ပေမဲ့ အခုထိပြန်မရဘူးလို့ KPZ Pay အသုံးပြုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဗဟိုဘဏ်ကို Gmail ကနေ စာပို့ထားတယ်။ အကောင့်ပိတ်သိမ်းတဲ့အထဲ ပါသွားတယ်။ ဗဟိုဘဏ် သတ်မှတ်တဲ့ စည်းကမ်းချက်နဲ့ညီတယ်။ ဘာကြောင့် ပိတ်သိမ်းတဲ့ထဲ ပါရတာလဲပေါ့။ ၂၁ ရက်က စာပို့ထားတယ်။ အခုထိ အကြောင်းမပြန်ဘူး။”

အခုလို လုပ်ဆောင်တာဟာ စစ်ကောင်စီအနေနဲ့ ဗဟိုဘဏ်ကို ညွှန်ကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်သူတွေ လှူဒါန်းလို့မရအောင် လုပ်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမားတဦးက သူရဲ့အမြင်ကို ပြောပါတယ်။

“အရင်ဆုံး Wave Money ကို အရင်လုပ်တယ်။ အဲဒီမှာတင် အခြေခံလူတန်းစားတွေက ဒုက္ခရောက်နေပြီ။ Wave လွှဲရင် နှစ်ဖက်လုံး မှတ်ပုံတင်ပြရတယ်။ မျက်နှာပျက်နေလို့တောင် မရဘူး။ အခုက တချက်ခုတ် သုံးချက်ပြတ် လုပ်လိုက်တာ။ ဖုန်းနံပါတ်ကနေ လိုက်လို့ရအောင် မှတ်ပုံတင်ကိစ္စလည်း မလွတ်အောင်၊ ဒါမှ ရွေးကောက်ပွဲအတွက် ပြင်ဆင်ပြီးသားဖြစ်အောင်၊ နောက်ဆုံး NUG CRPH PDF ပါ လှူလို့မရအောင် လုပ်တာ” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေး (NUG) အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို ပြည်သူက ယုံကြည်အားကိုးမှုနဲ့ လှူဒါန်းပေးမှာကို မလိုလားတဲ့အတွက် ငွေသွင်း၊ ငွေထုတ်လုပ်ငန်းတွေကို ခက်ခဲသွားအောင် စစ်ကောင်စီက ပြုလုပ်နေတာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up