close

မြောက်ဦးမြို့ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် ရိက္ခာပြတ်တောက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ​မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းမှာ ဆန်ရိက္ခာပြတ်တောက်ပြီး မလုံလောက်တာကြောင့် စစ်ဘေးရှောင်တွေ ဆန်ပြုတ်စားသုံးနေကြရတယ်လို့ စခန်းတာဝန်ခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

​မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းဟာ ICRC ရဲ့ ရိက္ခာထောက်ပံမှုကို အဓိကမှီခိုနေကြရပြီး လက်ရှိမှာ စစ်ကောင်စီက NGO/INGO အဖွဲ့တွေကို ရခိုင်ပြည်နယ်က မြို့နယ်ခြောက်ခုကို ကူညီထောက်ပံ့မှုတွေ ပိတ်ပင်လိုက်တာကြောင့် ရိက္ခာပြတ်တောက်ပြီး ဆန်ပြုတ်ကိုသာ စားသုံးနေကြရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“အရင်တုန်းကတော့ ကျမတို့စခန်းကို ICRC က ဆန်နဲ့ တခြားအသုံးအဆောင်တွေ ထောက်ပံ့နေတာဖြစ်တယ်။ အခု NGO တွေကိုလည်း ကူညီခွင့် ပိတ်ပင်လိုက်တော့ ကျမတို့မှာ စားသောက်ဖို့ ဆန်က မရရှိတော့ဘူး။ အခု ရှိတာလေးကိုပဲ ဆန်ပြုတ်ကျိုပြီးတော့ မဝ ဝမ်းစာ စားသောက်နေကြရတာဖြစ်တယ်။ အပြင်မှာထွက်ပြီး အလုပ်လုပ်ဖို့ကလည်း ဒေသမတည်ငြိမ်တာကတကြောင်း၊ ကုန်စျေးနှုန်းကလည်း အဆမတန် မြင့်တက်နေတော့ ကျမတို့မှာ တော်တော်လေးကို အခက်အခဲတွေ တွေ့နေကြရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီက လုံခြုံရေး အကြောင်းပြပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ ခြောက်မြို့နယ်ကို NGO/INGO တွေ ခရီးသွားလာခွင့်၊ ကူညီထောက်ပံ့ခွင့်တွေ စက်တင်ဘာ ၁၆ ရက်နေ့ကတည်းက ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ ကျန်ရှိနေတဲ့ ဆန်တွေကို ဆန်ပြုတ်ကြိုပြီး ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အဓိက ကျွေးနေကြရတယ်လို့ စခန်းတာဝန်ခံ ဦးဝင်းနိုင်က ပြောပါတယ်။

“ကျနော်တို့မှာ ဆန်ရိက္ခာက မနေ့ကတည်းက ပြတ်သွားတာ။ အခါက တချို့အိမ်တွေမှာ ကျန်ရှိနေသေးတဲ့ဆန်တွေကို ပေါင်းပြီးတော့ ဆန်ပြုတ်ကြိုပြီး ကလေးတွေနဲ့ အိုမင်းနေသူတွေကို အဓိကကျွေးနေကြရတယ်။ လောလောဆယ်မှာတော့ အရပ်ဘက် CSO တွေထံမှာတော့ အကူအညီ တောင်းခံထားတာတွေရှိတယ်။ ဒီနေ့မှာလည်း ဆရာတော်တပါးက စစ်ဘေးရှောင်တွေအတွက် ငွေ ၅ သိန်း လာလှူသွားတယ်။ အဲဒါကိုတော့ မနက်ဖြန်မှပဲ စားသောက်ဖို့ စီစဉ်ရမယ်။”

မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းမှာ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး မြို့နယ် ၃ ခုရှိ ကျေးရွာ ၁၁ ရွာက အိမ်ထောင်စု ၁၉၁ စုက လူဦးရေ ၇၉၂ ယောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up