လောင်စာနှင့်အဓိကကုန်ဝယ်ရန် ဖိလစ်ပိုင်က ရုရှားနှင့်ဆွေးနွေး

ဖိလစ်ပိုင်ဟာ ငွေကြေးဖောင်းပွမှု မြင့်မားနေချိန်မှာ လောင်စာဆီနဲ့ တခြားအဓိက ကုန်ပစ္စည်းတွေ ဝယ်ဖို့ ရုရှားနဲ့ ဆွေးနွေးနေတယ်လို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဘလွန်းဘာ့ဂ် တီဗီရုပ်သံဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ကြားဖြစ်နေတဲ့ ပဋိပက္ခကြောင့် ဖိလစ်ပိုင်ရဲ့ အစားအသောက်၊ ဓာတ်မြေသြဇာ နဲ့ တခြားပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာခဲ့ပါတယ်။
သွင်းကုန်တွေအပေါ်မှာ မှီခိုနေရတဲ့ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ လေးနှစ်တာ ကာလအတွင်း ဇူလိုင်လမှာ ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်လာပြီး သြဂုတ်လမှာတော့ ၆ ဒသမ ၃ ရာခိုင်နှုန်းကို လျော့ကျသွားခဲ့တယ်လို့ ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားအပေါ် အမေရိကန် ဦးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ တော့ ဒဏ်ခတ်မှုရဲ့ နိုင်ငံရေးဘက်မှာ လှည့်ကွက် အနည်းငယ်ဖြစ်ခဲ့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသား အကျိုးစီးပွားက ပထမ ဦးစားပေးပဲလို့ သမ္မတက ပြောပါတယ်။
ဖိလစ်ပိုင်ဟာ နိုင်ငံအတွက် အရေးပါတဲ့ လောင်စာဆီနဲ့ အခြားသွင်းအားစု အရင်းအမြစ်သစ်တွေ ကို ရှာနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မာရတ် ပါဗ်လာ့ဗ်က လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အစားထိုးလောင်စာ အရင်းအမြစ်တွေ ရှာဖွေဖို့ ကူညီရာမှာ ရုရှက ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတယ်လို့ ပြောခဲ့ပါတယ်။