မန်ယူလေ့ကျင့်ရေးအစီအစဉ် အိုင်းယက်ထက် ပိုမိုပြင်းထန်ဟု အန်တိုနီဝန်ခံ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေဟာ အသင်းဟောင်း အိုင်းယက်အသင်းမှာထက် ပိုပြီးပြင်းထန်ကြောင်း ကစားသမားသစ်အန်တိုနီက ပြောပါတယ်။
ဘရာဇီးလက်ရွေးစင်အန်တိုနီဟာ အခုနှစ်အပြောင်းအရွှေ့မှာ ဟော်လန်ကလပ် အိုင်းယက်ကနေ မန်ယူအသင်းဆီကို ပေါင် ၈၆သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
မန်ယူအသင်းတီဗီနဲ့ အင်တာဗျူးမှာတော့ အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေဟာ အိုင်းယက်အသင်းနဲ့ ကွဲပြားခြားနားမှုရှိပြီး ဒီလိုပြင်းထန်တဲ့ လေ့ကျင့်မှုတွေအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း အန်တိုနီက ပြောပါတယ်။
“ပရီးမီးယားလိဂ်က ဘယ်လောက်အထိ ပြိုင်ဆိုင်မှုပြင်းထန်သလဲဆိုတာသိထားပြီးသားပါ။ ပြီးတော့ ပြင်ဆင်မှုကောင်းဖို့လိုအပ်သလို ရာနှုန်းပြည့် အာရုံစိုက်လေ့ကျင့်ထားဖို့လည်းလိုတယ်။ အိုင်ယက်စ်မှာတုန်းကထက် ပိုပြင်းထန်တာသိလို့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း ပြင်ဆင်လာခဲ့ပြီးသားပါ” လို့ အန်တိုနီက ပြောပါတယ်။
အန်တိုနီဟာ အာဆင်နယ်နဲ့ ပထမဆုံးအဖွင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့ပါသေးတယ်။