ယူရိုပါလိဂ်ကစားမည့် မန်ယူလူစာရင်းတွင် ဝါရင့်နောက်ခံလူ ဖေးဂျုံးစ် ချန်လှပ်ခံရ

ယူရိုပါလိဂ်ပြိုင်ပွဲကစားမယ့် မန်ယူအသင်းလူစာရင်းမှာ အသင်းရဲ့ဝါရင့်နောက်ခံလူ ဖေးဂျုံးစ်ကို နည်းပြတန်ဟတ်ဂ်က ချန်လှပ်ခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူဟာ ယူနိုက်တက်အသင်းနဲ့ ၂ နှစ်တာ ကာလ အတွင်းမှာ ပွဲစဉ် ၂ ပွဲသာကစားခွင့်ရခဲ့သူပါ။
ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွေအတွက် ကစားသမား ၂၅ ဦး စာရင်း မှတ်ပုံတင်ခဲ့တာဖြစ်ပြီး ဖေးဂျုံးစ်နဲ့အတူ လူငယ်ဘယ်နောက်ခံကစားသမား ဘရန်ဒန်ဝီလီယံလည်း ချန်လှပ်ခံခဲ့ရပါတယ်။
နောက်ခံလူ ဖေးဂျုံးစ်ဟာ ဗာရန်း၊ မာတီနက်ဇ်၊ မက်ဂွဲယား၊ လင်ဒီ လော့ဖ်၊ တွန်ဇန်ဘီနဲ့ တက်ဒင်မန်ဂီတို့ရဲ့နောက် အရန်ကစားသမားအဖြစ်သာသတ်မှတ်ခံခဲ့ရပြီး လိဂ်ပွဲစဉ်တွေမှာလည်း ကစားခွင့်မရခဲ့သူပါ။
နည်းပြတန်ဟတ်ဂ်ကတော့ တချို့ကစားသမားတွေ အနေနဲ့အပြောင်း အရွှေ့ကာလမှ ဒဏ်ရာတွေရှိနေတာကြောင့် အသင်းပြောင်းဖို့ အဆင်မပြေခဲ့တာလို့ အသိပေးထားပါတယ်။
မန်ယူအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲအုပ်စုအဆင့်မှာ စပိန်ကလပ်ဆိုစီဒက်၊ မော်ဒိုဗာ ကလပ် အက်ဖ်စီရှရစ်၊ ဆိုပရက်စ်ကလပ် အိုမိုနီယာနီကိုရှား အသင်းတွေနဲ့ တွေ့ဆုံနေပါတယ်။