ပေါ်တူဂီစကားပြောသည့် အန်တိုနီ မန်ယူအသင်းနှင့် အလျှင်အမြန် အံဝင်ခဲ့ဟု ဒါလော့ပြော

မန်ယူနိုက်တက် ကစားသမားသစ် အန်တိုနီဟာ ပေါ်တူဂီစကား ပြောတာကြောင့် အသင်းနဲ့အတူ အမြန်အံဝင်ခဲ့တာဖြစ်ကြောင်း နောက်ခံလူ ဒါလော့က ပြောပါတယ်။
ဘရာဇီးနိုင်ငံမှာ ပေါ်တူဂီစကားက အသုံးအများဆုံး ဘာသာစကားဖြစ်ပြီး ပေါ်တူဂီသားတွေရှိတဲ့ မန်ယူအသင်းမှာ အန်တိုနီတယောက် အမြန်ဆုံး အသားကျခဲ့ပြီး ပွဲဦးထွက်မှာပဲ အနိုင်ဂိုးတဂိုး သွင်းယူပေးခဲ့ပါတယ်။
ကစားသမားသစ်တေယာက်အနေနဲ့ ပုံမှန်အတိုင်းဆိုရင် အသားကျဖို့ အချိန်ယူရနိုင်ပေမဲ့ အန်တိုနီအတွက်တော့ ပေါ်တူဂီစကားပြောတဲ့အတွက် အသားကျဖို့ ပိုပြီးလွယ်ကူခဲ့တယ်လို့ ဒါလော့က ပြောပါတယ်။
“သူနဲ့ ပေါ်တူဂီစကားပြောဖြစ်တာမလို့ အင်္ဂလိပ်လိုပြောတာထက် ပိုပြီး သဘောပေါက်လွယ်စေတယ်။ သူက ပွင့်လင်းပြီး ကူညီချင်တဲ့စိတ်ရှိတယ်။ ဒါက အတော်ကောင်းပြီး လျှင်မြန်စွာလည်း အသားကျခဲ့တယ်။ လူတိုင်းက သူ့ကို ကြိုဆိုခဲ့ကြတယ်။ သူဟာ ဒီမှာ နှစ်အကြာကြီးကစားပြီး အောင်မြင်မှုရယူနိုင်မယ့် ကစားသမားဖြစ်မယ်ဆိုတာ သေချာတယ်” လို့ အသင်းဖော် အန်တိုနီကို ဒါလော့က ချီးကျူးပါတယ်။
အန်တိုနီအတွက် ယူရိုသန်း ၁၀၀ ပေးချေခဲ့ရတဲ့အပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ပေမဲ့ ပွဲဦးထွက် ခြေစွမ်းအပေါ်မှာတော့ မန်ယူအသင်းပရိသတ်တွေက ကျေနပ်အားရနေပါတယ်။