ဗီယက်နမ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် ဒေသခံများကို အိမ်ပြင်ထွက်ခွင့်တားမြစ်

စူပါတိုင်ဖွန်း Noru ဟာ စက်တင်ဘာ ၂၇ ရက်မှာ ကမ်းရိုးတန်းဘက်ကို ဦးတည် ရွေ့လျားနေတာကြောင့် ဗီယက်နမ်နိုင်ငံက တချို့ဧရိယာတွေမှာ ဒေသစံတော်ချိန် အင်္ဂါနေ့ ညနေပိုင်းကတည်းက လူတွေကို သူတို့နေအိမ်တွေကနေ အပြင်ထွက်ခွာတာကို တားမြစ်မိန့် ထုတ်ထားပါတယ်။
ရာနဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေကို ရပ်နားထားရပြီး ဒါနန်း မြူနီစီပယ် ကမ်းရိုးတန်းမြို့နဲ့ ဗီယက်နမ်နိုင်ငံရဲ့ တခြားဒေသတွေရှိ မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။
Noru မုန်တိုင်းဟာ လူစည်ကားတဲ့ ဒါနန်းမြို့ကို ဦးတည်လာတာကြောင့် ဒါနန်းမှ လူပေါင်း ၁ သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မုန်တိုင်းဟာ စံချိန်တင် အကြီးမားဆုံး မုန်တိုင်းတွေထဲက တခုဖြစ်နိုင်ကြောင်း ခန့်မှန်း တွက်ချက်နေကြပါတယ်။
ဒါနန်းမှာ နေထိုင်သူအတော်များများဟာ စားနပ်ရိက္ခာနဲ့ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းဖို့ စျေးတွေကို အပြေးအလွှား သွားဝယ်ထားကြပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်လာမယ့် စူပါတိုင်ဖွန်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
ကမ်းရိုးတန်း တံငါသည်တွေဟာ မုန်တိုင်းဒဏ်ကနေ ခိုလှုံဖို့ ဆိပ်ကမ်းကို ပြန်လာခဲ့ကြပါတယ်။
ဒါနန်းမှာ သဘာဝဘေးအန္တရာယ်အဆင့်ကို ဗီယက်နမ်က ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၄ ကို တိုးမြှင့်ထားပါတယ်။
ဒါနန်း၊ Phu Bai၊ Phu Cat နဲ့ Pleiku လေဆိပ်တွေကို ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန်အထိ ပိတ်ထားမှာဖြစ်ပါတယ်။ အဲဒီလေဆိပ်တွေကနေ ထွက်ခွာမယ့် လေယာဉ်အားလုံးကို ဆိုင်းငံ့ထားကြောင်း ဗီယက်နမ်လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ဗီယက်နမ် လေကြောင်းလိုင်းတွေဟာ ခရီးသွားတွေကို သူတို့ရဲ့ ခရီးစဉ်တွေ အနှောင့်အယှက် မဖြစ်စေဖို့ မုန်တိုင်းဆိုင်ရာ အချက်အလက်တွေကို ရှာဖွေဖို့လည်း တိုက်တွန်းထားပါတယ်။
မုန်တိုင်းငယ်ဟာ ဗုဒ္ဓဟူးနေ့ ၁၉း၀၀ နာရီ အချိန်လောက်မှာ အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားပျော့သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။