close

ပြည်တွင်းရုပ်သံလိုင်းများကို စစ်ကောင်စီက ဆင်ဆာပိုမို တင်းကျပ်

မြန်မာပြည်တွင်း ရုပ်မြင်သံကြားလိုင်းတွေမှာ  ထုတ်လွှင့်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကား၊ ဇာတ် လမ်းတွဲ၊ နိုင်ငံခြားဇာတ်ကား၊ ဇာတ်လမ်းတွဲတွေကို  ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြီးမှ ပြသကြဖို့  စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးက ရုပ်သံကုမ္ပဏီတွေကို ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှာ  စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီခန့် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲတင့်နဲ့   ရုပ်သံလွှင့်ကုမ္ပဏီတွေက  တာဝန်ရှိသူတွေ ဆင်ဆာကိစ္စနဲ့ ပတ်သက်လို့   တွေ့ဆုံညှိနှိုင်းရာမှာပြောဆိုခဲ့တာလို့  စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

မြန်မာ့ရုပ်မြင်သံကြားနဲ့  ပူးပေါင်းဆောင်ရွက်နေတဲ့  ရုပ်မြင်သံကြား ထုတ်လွှင့်နေသူတွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့  ဗီဒီယိုဇာတ်ကားကြီးတွေကို ဆင်ဆာခွင့်ပြုချက်ရပြီးမှ ပြသနေကြပေမဲ့ ပြည်တွင်းပြည်ပ ဇာတ်လမ်းတွဲတွေနဲ့  နိုင်ငံခြားဇာတ်လမ်းတွဲတွေကို  မြန်မာစာတန်းထိုး၊ မြန်မာစကားပြော အသံထပ်ပြသတာကို  ဆင်ဆာစိစစ်ရေးအဖွဲ့သို့ မတင်ဘဲ မိမိတို့ကိုယ်တိုင် စိစစ်တာဝန်ယူမှုနဲ့  ပြသနေကြောာင်း  အခုအခါ ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်လမ်းနဲ့ ပါဝင်တဲ့ စကားပြောတွေနဲ့  ဇာတ်လမ်းတွဲတွေဟာ လက်ရှိအခြေအနေအရ မပြသင့်တာတွေ ပါနေတာကို တွေ့လာရတာကြောင့် အခုကစပြီး ဇာတ်လမ်းတွဲတွေကို ဆင်ဆာခွင့်ပြုချက် ရယူပြီးမှ ပြသကြဖို့ စစ်ကောင်စီ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲတင့်က ပြောပါတယ်။ 

ဒါ့အပြင် လက်ရှိ ပြသဆဲ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ဇာတ်လမ်းတိုတွေကိုလည်း  မပြသမီ သေချာစိစစ်ပြီး နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ အမျိုးသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေတဲ့ အပြောအဆို၊ စာသားတွေ၊ ကာမရာဂကို နှိုးဆွတဲ့ အကြောင်းအရာတွေ မပါရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး မီဒီယာလွတ်လပ်ခွင့်တွေကို ပိတ်ပင်တားဆီးခဲ့ပြီး သတင်းသမားတွေအများအပြားကိုလည်း ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ဒဏ်တွေ ချမှတ်ခဲ့လို့  မြန်မာ့သမိုင်းမှာ မီဒီယာလွတ်လပ်ခွင့် အဆိုးဆုံးအခြေအနေနဲ့ကြုံတွေ့နေရပါတယ်။ 

DVB ၊ Mizzima ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day မီဒီယာ ၅ ခုကိုလည်း ၂၀၂၁ ခုနှစ်  မတ် ၈ ရက်နေ့မှာ လိုင်စင် ပိတ်သိမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၉ မှာ ရပ် တည်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up