ပါကစ္စတန်တွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် မီးရထားသံလမ်းများကို ပြုပြင်

ပါကစ္စတန်တောင်ပိုင်း ဆင်းန်ဒ်ပြည်နယ်မှာ ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ မီးရထားသံလမ်းတွေကို စက်တင်ဘာ ၂၈ ရက်က ပြုပြင်နေကြပြီး လာမယ့်သီတင်းပတ်မှာ ရထားပြေးဆွဲမှု ပြန်စတင်ဖို့ မျှော်မှန်းထားပါတယ်။
ကိုထရီလမ်းဆုံ မီးရထားဘူတာမှ ရုံပိုင်ကြီး အာရစ်ဖ် အလီက “မီးရထားသံလမ်း ပြုပြင်ရေးကို ဝန်ထမ်းအားလုံး လုပ်ဆောင်နေပြီးတော့ ရထားလမ်းစနစ်ကို အောက်တိုဘာ ၅ ရက်မှာ စတင်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတယ်” လို့ ပြောပါတယ်။
ပါကစ္စတန်ရဲ့ နှစ် ၃၀ ကျော်ကာလမှာ ရွာသမျှမိုးတွေထက် ၃ ဆလောက် ပိုပြီးရွာသွန်းခဲ့တဲ့ သမိုင်းဝင် မုတ်သုံမိုးကြမ်းကြောင့် ထောင်ပေါင်းများစွာသော မီးရထားဝန်ထမ်းတွေဟာ ဝင်ငွေအတွက် တလကျော်ကြာ ရုန်းကန်ခဲ့ရပါတယ်။
ရေကြီးမှုကြောင့် မီးရထားဘူတာရုံတွေကို ရပ်နားထားရပြီး ရထားကို မှီခိုနေရသူအားလုံး အသက်မွေးဝမ်းကြောင်း ဆုံးရှုံးခဲ့လို့ ရထားပြေးဆွဲမှုကို အမြန်ဆုံးပြန်စပေးဖို့ အထမ်းသမား နာဒီးမ် မဲဘုဘ်က အာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။
မီးရထားဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ခါဝါဂျာ ဆာ့ဒ် ရာဖစ်က်က ပုံမှန်အလုပ်တွေကို အမြန်ဆုံး ပြန်စကြဖို့ အမိန့်ပေးထားကြောင်း ဗုဒ္ဓဟူးနေ့က အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရေအရင်ကျဆင်းဖို့တော့ စောင့်ရဦးမှာ ဖြစ်ပါတယ်။