ပြင်သစ်တွင် ကုန်စျေးနှုန်းမြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှုကြောင့် လူသောင်းချီ ဆန္ဒပြ

ပြင်သစ်နိုင်ငံရှိ မြို့အများအပြားမှာ ကုန်စျေးနှုန်းမြင့်တက်တာနဲ့ ငွေကြေးဖောင်းပွတာတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေ စက်တင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့ပြီး လုပ်ငန်းအများအပြားမှာလည်း ဝန်ထမ်းတွေက လုပ်ခလစာ တိုးမြင့်တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရှိ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် အလုပ်သမားသမဂ္ဂ အများအပြားက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ပါရီ၊ လိုင်ယွန်၊ ဘော်ဒိုး၊ လိုင်လီနဲ့ တခြားမြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။
တနေ့တာအတွင်း ဆန္ဒပြပွဲပေါင်း ၁၀၀ ကျော်ရှိမယ်လို့ သမဂ္ဂတွေက ခန့်မှန်းထားပြီး ပါရီမှာတော့ လူပေါင်း ၄ သောင်းလောက် လမ်းပေါ်ထွက်ခဲ့ကြပါတယ်။
ငွေကြေးဖောင်းပွမှု ဖိအားတွေကို ရင်ဆိုင်နေရချိန်မှာ လက်ရှိ ပြင်သစ်အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ နိုင်ငံသားတွေရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးနိုင်ကြောင်း သမဂ္ဂက ပြောကြားခဲ့ပါတယ်။
၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး ဥရောပရှိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ငွေကြေးဖောင်းပွမှုကို တွန်းအားပေးခဲ့ပြီး ဆက်လက် ဖောင်းပွနေမှုကြောင့် ပြင်သစ်ပြည်သူတွေ စိုးရိမ်ပူပန်ခဲ့ရပါတယ်။
လက်ရှိအခြေအနေ ယိုယွင်းလာမှုဟာ ရုရှားအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ပြီးနောက် ဥရောပရဲ့ မျက်စိစုံမှိတ်ထားမှုနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေကြောင်း ချီတက်ပွဲအတွင်း ပါဝင်သူအများအပြားက ထောက်ပြကြပါတယ်။
ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုဟာ ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခကို ဖြေရှင်းဖို့ ထိရောက်တဲ့ နည်းလမ်းမဟုတ်ကြောင်း ပြင်သစ်လူမျိုးတွေက သဘောပေါက်လာကြတယ်လို့လည်း ဆိုပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ အဲဒါကြောင့်ပဲ သာမန်လူတွေမှာ မြင့်မားတဲ့ စျေးနှုန်းတွေနဲ့ လူနေမှုစရိတ်တွေကို ထမ်းထားရပါတယ်။
ပြင်သစ်အစိုးရ ကြုံတွေ့ရမယ့် ပြဿနာတွေထဲမှာ အရေးအကြီးဆုံးအချက်က စွမ်းအင်ဝယ်ယူမှုကို ကာကွယ်ပေးခြင်းနဲ့ ငွေကြေးဖောင်းပွမှုကို တားဆီးပေးခြင်းအပြင် လာမယ့် ဆောင်းရာသီမှာ ပုံမှန်အပူဓာတ် ရရှိစေဖို့ ဖြစ်ပါတယ်။