close

သံဖြူဇရပ်-ရေးကားလမ်းနှင့် ပုလောတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ခရီးသည်တင် ယာဉ်များ ပိတ်မိ

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ  ၁ ရက် မနက် ၁၀ နာရီကျော်လောက် ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းတာဝန်ရှိသူ တယောက်က ပြောပါတယ်။

သံဖြူဇရပ်မြို့ကနေ ရေးဘက်မောင်းလာတဲ့ စစ်ကောင်စီယာဉ် ၁၀ စီးအား ရေး နဲ့ သံဖြူဇရပ်ကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်အကျအဆုံးကို မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ခရီးသွားကားတွေမှာ ပိတ်မိနေပြီး ရေးကနေ မော်လမြိုင်ဘက်သွားပို့မယ် လူနာတင်ယာဉ် ကားတွေပါ ပိတ်မိနေတယ်လို့ လူနာတင်ယာဉ်မောင်းတယောက်က ပြောပါတယ်။ 

“ကားတွေက ဒါဇင်နဲ့ ချီ ရှိမယ်။ ၁ နာရီ လောက်ကြာပြီး တိုက်ပွဲဖြစ်ပွားတဲ့ လိမ္မော်ခြံနေရာကနေ ပြန်လှည့် ပြန်လာပြီး တခြားနေရာမှာ စောင့်ဆိုင်းနေရတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းက ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရစဉ်က  စစ်ကောင်စီတပ် ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး တယောက်  ကျည်ထိမှန် သေဆုံးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ခရီးသွား ၂ ယောက်လည်း ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

မွန်ပြည်နယ်တောင်ညိုပြောက်ကျားတပ်ဖွဲ့ကတော့ ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကား နဲ့အတူ မသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

မော်လမြိုင်-သံဖြူဇရပ်-ရေး ကားလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံး များနေသလို နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။

စက်တင်ဘာ ၃၀ ရက် မွန်းတည့် ၁၂ နာရီကလည်း တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားရွာနဲ့ နန်းပရုပ်ရွာကြားမှာ သရက်ချောင်းမြို့ဘက်မှ ပုလောမြို့ ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီကား ၂ စီးကို PPDF နဲ့ KPDF ပူးပေါင်းမဟာမိတ်အဖွဲ့က “နန်းထိုက်အောင်စစ်ဆင်ရေး” အနေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) က မနေ့က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲမှုကြောင့် ထမင်းမစားရွာက ပျူစောထီး ၁ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PPDF တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပစ်ခတ်တာတွေ ရှိပေမဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က အထိအခိုက် မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်ကလည်း ပုလောမှာ စစ်ကောင်စီ VIP ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ကဒဲရွာနဲ့ သင်္ကန်းတောရွာကြားမှာ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ သေဆုံးဒဏ်ရာ ရသူတွေကို ပလမြို့မှာ အရေးပေါ်လူနာတင်ယာဉ် ၄ စီးနဲ့ လာရောက်သယ်ဆောင်သွားခဲ့ရတယ်လို့ Palaw Regional Defense Force PRDF ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up