close

မုံရွာနှင့် ချောင်းဦးကြားတွင် စစ်တပ်ယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးကြားမှာ စစ်ကောင်စီယာဉ်တန်းကို စက်တင်ဘာ ၂၇ ရက် မနက်က ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲ့ဒီစစ်ယာဉ်တန်းဟာ မန္တလေး-မုံရွာ လမ်းပိုင်းမှာ စက်တင်ဘာ ၂၆ ရက်က မိုင်းထိပျက်စီးပြီး ကျန်ရစ်ခဲ့တဲ့ ကား ၂ စီးကို မုံရွာမြို့ဘက် ပြန်လည်ဆွဲယူလာတာဖြစ်ပြီး မုံရွာနဲ့ ချောင်းဦးကြားမှာ ‌ပဒေသာမိုင်း ၃ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ People's Defence Force - South Monywa မှ တာဝန်ရှိသူက “ပျက်စီးလို့ ဆွဲလာတဲ့ ကားနှစ်စင်း အပါအဝင် စစ်ယာဉ်တန်းမှာ စုစုပေါင်း ၆ စင်း မောင်းလာတာ။ ပဒေသာမိုင်းနဲ့ ပထမအကြိမ် တိုက်ခိုက်တာ ၃ စင်းမြောက်နဲ့ ၅ စင်းမြောက်ကားတွေကို အတိအကျ ထိမှန်ပါတယ်။ အဲ့ဒီမှာ သူတို့ဘက်က RPG တလုံး အပါအဝင် လက်နက်ငယ်တွေနဲ့ ရမ်းပစ်ပြီး မောင်းပြေးသွားတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တချို့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ကလွဲရင် ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် မောင်းပြေးသွားတဲ့ အဲ့ဒီစစ်ယာဉ်တန်းကို ၁၅ မိနစ်လောက်အကြာမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ၆ စီးမြောက်ကား ကိုယ်ထည်ကို ထိမှန်ခဲ့တဲ့အပြင် ကားမှန်တွေလည်း ပျက်စီးသွားပြီး အချိန်အတန်ကြာ ထိုးရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ‌ရှေ့ယာဥ်တန်းမှာ မောင်းသွားတဲ့ စစ်ကားတစီးက ပြန်လှည့်ကာ မိုင်းထိသွားတဲ့ ကားကို ဆွဲယူသွားတယ်လို့ သိရပါတယ်။

ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ ၇ ယောက် သေဆုံးသွားတဲ့အပြင် ဒဏ်ရာရသူလည်း များပြားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို People's Defence Force - South Monywa၊ Monywa Ranger Group/Truth Army နဲ့ Farmers Revolution Force တို့က ‌လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ မိုင်းထိမှန်ပျက်စီးသွားတဲ့ စစ်ကားကို ပြုပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချောင်းဦးဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးပြီး သေနတ် ၃ လက်နဲ့အတူ ကျည်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up