close

ရွှေဘိုမြို့က လျှပ်စစ်မီတာရုံး မိုင်းဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်က  အမှတ် ၃ ရပ်ကွက်အနီး ဘိုကုန်းရပ်ကွက်မှာရှိတဲ့ လျှပ်စစ်မီတာရုံး ကို အောက်တိုဘာ ၁ ရက် မနက် ၆ နာရီလောက်က မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းပေါက်ကွဲတာကြောင့် ရုံးအဆောက်အအုံ ပျက်စီးပြီး လူ ထိခိုက်သေဆုံးကတော့ အခုထိ အတည်ပြုချက် မရသေးဘူးလို့ သိရပါတယ်။

မျက်မြင် ဒေသခံတဦးက “မိုင်း ၂ လုံး ပေါက်ကွဲတာ။ ဒါပေမဲ့ သေဆုံး ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ အဝေးကနေ မြင်ရတာကတော့ ရုံးမျက်နှာကျက်၊ ကွန်ကရစ်တိုင်တွေ၊ သွပ်အမိုးတွေ ပျက်စီးခဲ့တာကိုတော့ တွေ့ရတယ်” လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲတဲ့ လျှပ်စစ်ရုံးအဆောင်ဟာ မီတာခ ပေးရတဲ့ အဆောင်လို့လည်း သိရပါတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ ကိုရဲခေါင်က “ဒါက အသိပေး၊ သတိပေးတာမျိုးလောက် မဟာမိတ်အဖွဲ့က လုပ်ဆောင်ခဲ့တာပါ။ အခုကလည်း အဲဒီရုံးက လျှပ်စစ်မီတာခတွေကို စစ်ကောင်စီအလိုကျ အတင်းအကျပ် ကောက်ခံနေတာကြောင့် ဖောက်ခွဲ ခဲ့တယ်” လို့ ပြောပါတယ်။

အခုလို သတိပေးလိုက်လို စစ်ကောင်စီဘက်က အကြောက်ကြီးပြီး ဒေသခံတွေကို မီးဖြတ်ပါက အစားထိုးပေးဖို့ စီမံထားတယ်လို့ ကိုရဲခေါင်က ပြောပါတယ်။

“လျှပ်စစ်မီး မပေးတော့ဘူးဆိုရင် မီးအစားထိုး ဆိုလာတွေလည်း ရှိသလို ဒိုင်နမိုနဲ့ တရုတ်နီ စက်နဲ့ တွဲပြီး သုံးလို့ရတဲ့ မီးတွေလည်း ရှိတယ်။ နောက်တခုက ထမင်းချက်ဖို့ ထင်းမီးနဲ့ ချက်စားမယ်။ အဓိက အညာမှာ လျှပ်စစ်ဖြတ်လိုက်လို့ ကြောက်နေမှာ မဟုတ်ဘူး။” 

ရွှေဘိုမြို့ပေါ်မှာ အခုလို မိုင်းပေါက်ခဲ့ရုံသာမက ရွှေဘိုစိုက်ပျိုးရေးကျောင်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေလည်း အောက်တိုဘာ ၁ ရက်မနက်အစောပိုင်းက မိုင်းဆွဲခံရပြီး ၅ ယောက် သေဆုံးတယ်လို့‌လည်း ဒေသခံတွေက ပြောပါတယ်။

အခုလို လျှပ်စစ်ရုံး မိုင်ခွဲတိုက်ခိုက်ခဲ့တာကို ရွှေဘို BLCKWOLF PDF က လုပ်တယ်လို့ သိရ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up