close

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း မိုင်းဆွဲခံရပြီး ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာမှာ တပ်ဖြန့်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ်ဒေသကာကွယ်ရေး မဟာမိတ်အင်အားစုက အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အင်အား ၂၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ အထိုင်ချတပ်စွဲထားတဲ့ ရွာသစ်ကုန်းကျေးရွာကနေ စက်တင်ဘာ ၃၀ ရက် ညနေ ၆ နာရီဝန်းကျင်က ထွက်ခွာလာတာ ဖြစ်ပြီး အင်းပတ်ကျေးရွာထဲ တပ်ဖြန့်ဆင်းလာရာမှာ အသင့်ထောင်ထားတဲ့ တိုက်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်ဒေသကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)ဝင်တဦးက  "အင်းပတ်ရွာထဲ ကို စစ်ကြောင်းထိုး ဝင်မွှေဖို့ရာ တပ်ဖြန့်လာတာကို အဆင်သင့်ပြင်ထားတဲ့ တိုက်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်ကလည်း ၄၀ မမတွေနဲ့ ပြန်လည် ပစ်ခတ်တာ ရှိတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ပေမဲ့  မဟာမိတ်အဖွဲ့တွေ အထိခိုက်အကျဆုံးမရှိခဲ့ပါဘူး"လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် နေရာမှာတင် သေဆုံးခဲ့ကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

အောက်တိုဘာ ၁ ရက် မနက် ၅ နာရီလောက်မှာတော့  ရွာသစ်ကုန်းကျေးရွာကနေ စစ်သား ၆ ယောက် အ‌လောင်းနဲ့ မနက် ၁၁ နာရီမှာ ‌စစ်သား ၄ ယောက်ရဲ့ အလောင်းတွေကို သင်္ဂြိုဟ်ဖို့ ရေဦးမြို့သုသာန်သို့ ပို့ဆောင်လိုက်တယ်လို့ KURDAF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၄ ရက်ကလည်း ခင်ဦးမြို့နယ်မှာ အင်းပတ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းအ‌ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံး အရေအတွက်နဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up