close

ဒေါ်လာနှင့် ရွှေစျေး ပြန်လည်မြင့်တက်၊ စက်သုံးဆီဈေးနှုန်းကျဆင်း

စက်တင်ဘာ ပထမပတ်က စတင်ပြီး ဆက်တိုက်ကျဆင်းလာခဲ့တဲ့ မြန်မာ့ရွှေဈေးဟာ အောက်တိုဘာ ၁ ရက်နေ့မှာ ၂၃ သိန်းဝန်းကျင်ထိ ကျခဲ့ပြီး ဒီနေ့ညနေပိုင်းမှာတော့ ကျပ် ၂၆ သိန်းဝန်းကျင်အထိ ဈေးပြန်လည်မြင့်တက်လာပြန်ပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ဒီနေ့ ညနေပိုင်းဈေးအရ အခေါက်ရွှေ ၁ ကျပ်သားကို ၂၅,၈၅၀,၀၀၀ ကျပ်၊ ၁၅ ပဲရည် ၁ ကျပ်သားကို ၂,၄၃၃,၀၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ သိရပါတယ်။  

နှစ်ရက်အတွင်း မြန်မာရွှေဈေးက ၁ ကျပ်သားကို ကျပ် ၃ သိန်းဝန်းကျင် ပြန်လည်မြင့်တက်လာခဲ့တာပါ။ 

အလားတူ ဒေါ်လာငွေလဲနှုန်းကလည်း ပြင်ပငွေကြေးဈေးကွက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ၁ ဒေါ်လာကို မြန်မာကျပ် ၂,၅၀၀ ဝန်းကျင်ထိ အကျရှိခဲ့ပေမဲ့  တရိပ်ရိပ်နဲ့ ပြန်မြင့်တက်လာပြီး ဒီနေ့ညနေပိုင်း ဈေးအရ ၁ ဒေါ်လာကို ကျပ် ၂,၉၀၀ ဝန်းကျင်ရှိတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။ 

ဈေးမတည်ငြိမ်တာကြောင့် ပြင်ပငွေကြေးဈေးကွက်အတွင်းမှာတော့ အများစုက အရောင်းအဝယ်တွေ ရပ်နားထားကြတယ်လို့ သိရပါတယ်။ 

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်း ပြန်လည်ဈေးမာလာခဲ့ပေမဲ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေကတာ့ ဆက်လက်ကျဆင်းနေပါတယ်။ 

စက်သုံးဆီ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဒီနေ့ အောက်တိုဘာ ၃ ရက်နေ့ ရန်ကုန်ဈေးကွက်အတွက် လက်လီဈေး 92 Ron တလီတာကို ၁၉၅၀ ကျပ်၊ 95 Ron တလီတာကို ၂၀၂၀ ကျပ်၊ ဒီဇယ်တလီတာကို ၂၃၆၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၂၄၅၀ ကျပ်သတ်မှတ်ထားပါတယ်။ 

အဲဒီသတ်မှတ်ဈေးအရ  ပြည်တွင်းစက်သုံးဆီဈေးတွေဟာ သီတင်းပတ် နှစ်ပတ်အတွင်း တလီတာကို ကျပ် ၃၀၀ ကျော် ၄၀၀  နီးပါး ပြန်လည်ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up