close

စစ်တွေတွင် ရဲများက ခရီးသွား ဟိန္ဒူလူမျိုးများကို ငွေညှစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဟိန္ဒူလူမျိုးတွေဆီကနေ ငွေညှစ်နေတယ်လို့ ဒေသခံ ဟိန္ဒူလူမျိုးတွေဆီကနေ သိရပါတယ်။ 

စစ်တွေမြို့ကိုအသွား ကျောက်တန်းဂိတ်မှာ ရဲတွေက မှတ်ပုံတင်စစ်ပြီး မပါတာကြောင့် အသွား ကျပ် ၅၀၀၀၊ အပြန် ကျပ် ၅၀၀၀ ငွေတောင်းတယ်လို့ စစ်တွေဒေသခံ ဟိန္ဒူလူမျိုးတယောက်က ဒီဗွီဘီကိုပြောပါတယ်။ 

“ကျနော်တို့ရဲ့ဘိုးဘွားတွေကအစ ရခိုင်ပြည်နယ်မှာမွေးပြီး ရခိုင်ပြည်နယ်မှာကြီးပြင်းတာပါ။ ကားပေါ်မှာ လူတွေအများကြီးပါလာပေမယ့် ကျနော့်တူနဲ့ ကျနော့်ကိုပဲစစ်ပြီး ငွေညှစ်တာပါ။ ကျန်တဲ့သူတွေကိုတော့ မှတ်ပုံတင်မစစ်ပါဘူး။ အခုလိုမျိုး ဟိန္ဒူလူမျိုးတွေကို စစ်ဆေးပြီးငွေညှစ်တာက ၁၅ ရက်လောက်ရှိနေပြီ” လို့ ဆိုပါတယ်။ 

ပုဏ္ဏားကျွန်းမြို့က ဟိန္ဒူဘာရေးခေါင်းဆောင်တယောက်ကတော့ ဟိန္ဒူလူမျိုးတွေကို လ.ဝ.က က နိုင်ငံသား(ပြု)စိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုဇယားပုံစံမျိုး စာအုပ်ထုတ်ပေးထားပြီး အဲဒီ ကဒ်ပြားနဲ့ စာအုပ်လျှောက်ရင်လည်း ၃ နှစ်လောက်ကြာမှ ထုတ်ပေးတယ်လို့ ပြောပါတယ်။

“အဲဒီကျောက်တန်းဂိတ်က ရဲတွေက သောက်စားမူးရူးပြီး နိုင်ငံသား(ပြု)စိစစ်ရေးကတ်ပြားပါတဲ့သူတွေကိုလည်း စာအုပ်မပါလို့ဆိုပြီး ရစ်တယ်။ လ.ဝ.က ကို ပို့လိုက်ရမလားဆိုပြီး ခြိမ်းခြောက်တာကြောင့် အလုပ်ရှုပ်မခံချင်တဲ့ သူတွေကတော့ အသွား အပြန် ၁၀၀၀၀ ကျပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ ကျနော်တို့ ဟိန္ဒူလူမျိုးတွေဟာ ရခိုင်ပြည်နယ်ဖွား လူနည်းစုလူမျိုးတမျိုးဖြစ်ပြီး အဲဒီ စစ်(...)၊ ရဲ(...)တွေက ခွဲခြားဆက်ဆံကြတာပါ။ စစ်ကောင်စီတပ် အာဏာမသိမ်းခင်ကဆိုရင် အဲဒီကတ်ပြားနဲ့ နိုင်ငံခြားကိုတောင် တရားဝင် သွားလာလို့ရတယ်။ ဒါကျောက်တန်းဂိတ်မှာ တာဝန်ကျတဲ့ ရဲတွေက တမင်ငွေညှစ်တာ” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ သြဂုတ်လကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေ၊ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up