close

ရနောင်းတွင် ထိုင်းဌာနဆိုင်ရာဝတ်စုံဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၄ ဦး ဖမ်းဆီးခံရ

ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ အောက်တိုဘာ ၄ ရက်က ထိုင်းတရားရေးဌာနယူနီဖောင်း ဝတ်စုံဝတ်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄  ယောက်ကို ထိုင်းလူမျိုး ယာဉ် မောင်းသမား တယောက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့  Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်လာမယ့်အကြောင်း ကြိုတင် သတင်းရထားတဲ့ အတွက် ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူတွေဟာ ရနောင်း-ချွန်းဖွန်း လမ်းမကြီး ကရပူရီမြို့နယ်ထဲမှာ  ယာဉ်အသွားအလာတွေကို စောင့်ကြပ်စစ် ဆေးခဲ့ကြောင်း၊  အလားတူ ရနောင်းဘက်ကလာတဲ့ ရွှေအိုရောင်ဟွန်ဒါအိမ်စီးကား တစီးကို စစ်ဆေးရာမှာ ဝန်ထမ်းဝတ်စုံတွေ ဝတ်လာတဲ့ တရားမဝင်အလုပ်သမားတွေကို ဖမ်းမိတာလို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။ 

ယာဉ်မောင်းသူဟာလည်း တရားရေးဌာနတံဆိပ်ပါ အင်္ကျီတ်ဆင်ထားကြောင်း၊ တာဝန်ရှိသူတွေက ဘယ်သွားမလဲ ဘာကိစ္စလဲစသဖြင့် မေးမြန်းရာမှာ ယာဉ်မောင်း တယောက်ထဲသာ ဒိုင်ခံဖြေပြီး ကားထဲထိုင်လာသူ အမျိုးသမီး  နှစ်ယောက်နဲ့ အမျိုးသား တယောက်မှာ စကားတခွန်းမှမပြောလို့ မသင်္ကာလို့ ဆက်စစ်မှ တရားမဝင် အလုပ်သမားတွေ အဖမ်းခံရမှာစိုးလို့ ဝန်ထမ်းဝတ်စုံ ဝတ်ပေးပြီး ခေါ်လာတာလို့ ကားသမားက ဖွင့်ဟဝန်ခံသွားပါတယ်။ 

အဆိုပါနေရာနဲ့ မနီးမဝေး ဇရပ်တစ်ခုထဲမှာ သူတို့နဲ့ဆင်တူ တီရှပ်အပြာရောင်ဝတ်ပြီး ထိုင်စောင့်နေတဲ့ တရားမဝင် မြန်မာအမျိုးသား တယောက်လည်းဖမ်းဆီးရမိပြီး  သူကတော့ ယူလာတဲ့ ဝန်ထမ်းတံဆိပ်ပါ အင်္ကျီမလောက်ငတာကြောင့် အဲဒီမှာ ခဏစောင့်စေကာ စစ်ဆေးရေးဂိတ်ကလွန်ပြီးမှ နောက်တခါလာခေါ်ဖို့ ချိန်းဆိုထားစဉ် အဖမ်းခံလိုက်ရတာဖြစ် ပါတယ်။

ကားမောင်းသမားဟာ အသက် ၄၉ နှစ်အရွယ် တောင်ပိုင်းနာရာသီဝပ်ခရိုင်ကဖြစ်ပြီး၊ တရားမဝင်မြန်မာတွေကတော့ ထားဝယ်ကဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို ရနောင်းကော့သောင်းရေလမ်းကြောင်းကနေ ဝင်လာတာဖြစ်ပြီး သူတို့ကို ရနောင်းကနေ ချွန်းဖွန်းထိ ပို့ပေးဖို့ ဓာတ်ဆီခ ဘတ် ၅၀၀၀ ရတယ်လို့ ကားသမားက ဝန်ခံသွားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လဝက ဥပဒေအပြင်  ဝန်ထမ်းအယောင်ဆောင်ဝတ်စုံဝတ်ဆင်မှုနဲ့ပါ အရေးယူခံရဖို့ ရှိနေပါတယ်။

Ref- Siamrath

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up