close

နိုင်ငံရေးအကျဉ်းသားဟောင်း ၁၉၉၀ အမတ် ဒေါက်တာစိန်မြင့် ကွယ်လွန်

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ  ဘိုကလေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာစိန်မြင့်ရဲဈာပနကို   စက်တင်ဘာ ၃၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် အယ်လ်လီကော့မြို့မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ 

အသက် ၆၈ နှစ်အရွယ် ဒေါက်တာစိန်မြင့်ဟာ စက်တင်ဘာ ၂၂ ရက်က မြန်မာစံတော်ချိန် မွန်းလွဲပိုင်းက  မယ်ရီလန်းပြည်နယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်အထိ မြန်မာ့နိုင်ငံရေးအတွက် အထောက်အပံ့ကောင်းတွေပေးနိုင်ဖို့ ကြိုးစားခဲ့သူဖြစ်ပါတယ်။

ဒေါက်တာစိန်မြင့်ရဲ့သမီးဖြစ်သူ မမီမီဦးက "ကျမဖေဖေက စစ်အာဏာရှင်တော်လှန်ရေးမှာ ကြံ့ကြံ့ခံပါဝင်ခဲ့သူတယောက်ဖြစ်ပါတယ်။ သူက လက်ရှိတော်လှန်ရေးမှာ Generation Z တွေရဲ့ တက်ကြွမှုကိုလည်း အရမ်းအားရကျေနပ်နေခဲ့တာပါ" လို့ ပြောပါတယ်။

ဒေါက်တာစိန်မြင့်ကွယ်လွန်ချိန်မှာ မြန်မာနိုင်ငံထဲက မိသားစုဝင်တွေ အမေရိကန်မှာကျင်းပတဲ့ ဈာပနကို တက်ရောက်နိုင်ဖို့ အကန့်အသတ်တွေရှိနိုင်တဲ့အတွက် သတင်းကိုနောက်ကျပြီးမှ ထုတ်ပြန်ရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒေါက်တာစိန်မြင့်ဟာ စစ်အာဏာရှင်ရဲ့ အကြိမ်ကြိမ်ဖမ်းဆီးထောင်ချတာကိုခံခဲ့ရသူဖြစ်ပြီး ၂၀၁၄ ခုနှစ်ကစပြီး အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်အထိ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မဟောသဓပဏ္ဍိတကျောင်းတိုက် အာယုပါလကုသိုလ်ဖြစ်ဆေးခန်းမှာ သူတတ်ကျွမ်းတဲ့ ဆရာဝန်ပညာနဲ့ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ 

ဒါ့အပြင် မှော်ဘီမြို့နယ်က လူငယ်တွေ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ယူခွင့်ရဖို့အတွက် လူငယ်ဖွံ့ဖြိုးရေးကျောင်းကိုလည်း ဦးစီးဖွင့်လှစ်ပေးခဲ့သူဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up