close

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အေအေတိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အောက်တိုဘာ ၄ ရက်မွန်းလွဲပိုင်းက  စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ များပြားတယ်လို့  အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပလက်ဝမြို့အောက်ဘက်က တဲမဝရွာနားမှာ မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အေအေနဲ့ နီးစပ်သူတဦးက “ကျနော့်ဆီ ဖုန်းဝင်လာတာကတော့ အဲဒီစစ်(...)ဘက်က သေဆုံးဒဏ်ရာရသူ ၅၀ လောက်ရှိတယ်လို့ပြောပေမယ့် အတိကျတော့အတည်မပြုနိုင်သေးဘဲ အသေးစိတ်ကိုတော့ ရက္ခိုင့်တပ်တော်က ကြေညာချက်ထုတ်ပြန်ပေးပါလိ့မ်မယ်”လို့ပြောပါတယ်။ 

တိုက်ပွဲဖြစ်ရာနေရာကို ကျောက်တော်အခြေစိုက် ခမရ ၃၇၄၊ ၃၇၆ တို့က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ကြပြီး တိုက်ပွဲမဖြစ်တဲ့ နေရာတွေကိုလည်း စခက(၉)တပ်မက နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံထံကသိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ အခုနှစ် သြဂုတ်ကစတင်ကာ တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်းမှာ မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up