close

ညှဉ်းပန်းနှိပ်စက်ခံ ယူကရိန်းအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို

ယူကရိန်းအကျဉ်းသားတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရပြီး တချို့သေဆုံးသွားတဲ့ ဖြစ်ရပ်တွေကို စောင့်ကြည့်လေ့လာသူတွေက မှတ်တမ်းတင်ထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလအရာရှိတယောက်က ပြောကြားခဲ့ပြီးနောက် အကျဉ်းကျခံနေရတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတယောက်ရဲ့ ဇနီးဖြစ်သူ လီလီယာ စတူပီနာက သူ့ခင်ပွန်း လွတ်မြောက်ရေးအတွက် အောက်တိုဘာ ၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

မာရီယူပိုးလ်မှာ လနဲ့ချီ တိုက်ပွဲဝင်ခဲ့ပြီး နောက်ဆုံး မေလမတိုင်ခင်မှာ လက်နက်ချ အဖမ်းခံခဲ့ရတဲ့ ယူကရိန်းစစ်သားတချို့ဟာ ပြီးခဲ့တဲ့လက ပြန်လွတ်လာခဲ့ကြပေမဲ့ လီလီယာ စတူပီနာရဲ့ခင်ပွန်း အပါအဝင် ဖမ်းဆီးခံထားရသူ အတော်များများ ကျန်ရှိနေပါသေးတယ်။

စတူပီနာဟာ အာဇော့ဗ်စတဲလ် ကာကွယ်သူများရဲ့ မိသားစုများအဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။

“ဒီကနေ့ ကုလသမဂ္ဂက လူ့အခွင့်အရေးကို ကာကွယ်ဖို့ စွမ်းရည်ကို အရင်ကထက် ပိုသက်သေပြရပါမယ်” လို့ ယူကရိန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဆွေးနွေးနေတဲ့ ဂျီနီဗာအခြေစိုက် အဖွဲ့အစည်းကို စတူပီနာက ပြောကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ယူကရိန်းတိုက်ခိုက်ရေးသမားတွေ ညှဉ်းပန်းနှိပ်စက်ခံရမှုဆိုင်ရာ တုန်လှုပ်ချောက်ချားစရာ အစီရင်ခံစာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ ကွင်းဆင်းစစ်ဆင်ရေး ဒါရိုက်တာ Christian Salazar Volkmann က ကောင်စီကို ပြောကြားခဲ့ပါတယ်။

ရုရှားအထူးသံတမန် Guzal Khusanova ကတော့ ဒီတွေ့ရှိချက်တွေကို “တဖက်သတ်ဆန်ပြီး ဟန်ချက်မညီဘူး” လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ကလည်း ယူကရိန်း တပ်ဖွဲ့ဝင်တွေရဲ့ ရုရှားစစ်သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက်မှု မှတ်တမ်းတွေကို ပြုစုထားပေမဲ့ ပမာဏက ပိုနည်းပါးတယ်လို့ ပြောပါတယ်။

ယူကရိန်းကျူးကျော်မှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီမှာ မဲပေးခွင့် ဆိုင်းငံ့ခံထားရတဲ့ ရုရှားကတော့ စစ်သုံ့ပန်းတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up