close

စစ်တွေမြို့တွင် ALP/ALA အဖွဲ့က ဒေသခံ ၂ ဦးကို ပစ်ခတ်ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အောက်တိုဘာလ ၉ ရက် မနက်ပိုင်းက ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) အဖွဲ့ဝင်တွေက ပြည်သူ ၂ ယောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နာဇီရွာက ကုန်စုံဆိုင်မှာ ဒီနေ့ မနက် ၁၁ နာရီ မိနစ် ၄၀ လောက် ALP အဖွဲ့ဝင်တယောက် အရက်လာဝယ်တဲ့အချိန် ဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူက အရက်ကြွေး ၂၅၀၀ ကျပ်တောင်းတာကို မဖွယ်မရာလုပ်ပြတဲ့အတွက် ဆိုင်ရှင်ရဲ့သားနဲ့ ယောက်ဖြစ်သူက ရိုက်နှက်ပြီး လွှတ်လိုက်တယ်လို့ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။

ခဏအကြာမှာတော့ အဲဒီ ALP အဖွဲ့ဝင် ၈ ယောက် ကားတစီးနဲ့ သေနတ်တွေ သံတုတ်တွေ၊ ဓားမြောင်တွေနဲ့ ရောက်လာပြီး ဆိုင်ရှင် ဒေါ်အေးကျော့ယဥ်ရဲ့ သားမက် ကိုခင်မောင်ဝင်းအား သေနတ်နဲ့  ၄ ချက်ပစ်ခတ်လိုက်ခဲ့တာကြောင့် ဝမ်းဗိုက်၊ ပေါင်၊ လက်နဲ့ တင်ပါးတို့မှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့သလို သားဖြစ်သူ ရန်နောင်စိုးမှာလည်း ရိုက်နှက်ခံရတာကြောင့် ဦးခေါင်း ဒဏ်ရာရရှိကာ ကားပေါ်ကို ဆွဲတင်သွားကြတယ်လို့ သိရပါတယ်။

သူတို့ ALP ရုံးကိုရောက်တော့လည်း ရိုက်နှက်နှိပ်စက်တာတွေလုပ်နေလို့ ကိုခင်မောင်ဝင်းရဲ့ ဇနီးဖြစ်သူ မငုံချေက စစ်တွေမြို့မစခန်းမှူးကို အကူညီတောင်းတော့မှ ပြန်လွှတ်ပေးလိုက်ပြီး စစ်တွေပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ဆေးဝါး ကုသမှု ခံယူနေရတယ်လို့ ဆွေမျိုးတော်စပ်သူ တယောက်က ပြောပါတယ်။

ALP အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး  နာဇီရွာ(စက်ရုံစု) ရပ်ကွက်၊ မီးလောင်ကွင်းမှာလည်း အောက်တိုဘာ ၆ ရက် မနက်ပိုင်းက အသက် ၄၁ နှစ်အရွယ် ဦးလယ်အောင်သိန်းနဲ့ ဇနီးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဒေါ်ဦးခင်သိန်း(ခ)ဆိုးမတို့ကို ဖမ်ဆီးခဲ့သလို အောက်တိုဘာ ၃ ရက်မှာလည်း ဒေသခံ ၄ ယောက်ကို သံတုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ ALP/ALA အဖွဲ့ဟာ စစ်ကောင်စီနဲ့ NCA လက်မှတ်ရေးထိုးထားပြီး နာဇီရွာ စက်ရုံစု ရပ်ကွက်မှာ ဌာနချုပ်ရုံးဖွင့်လှစ်ကာ စစ်တွေမြို့ခံတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up