ရုရှားကို အကြမ်းဖက်နိုင်ငံအဖြစ်သတ်မှတ်ရန် ဝါဆောမြို့တွင် လူထောင်ချီ ဆန္ဒပြ

ယူကရိန်းမြို့တွေကို ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီးတဲ့နောက် ရုရှားကို အကြမ်းဖက်နိုင်ငံအဖြစ် သတ်မှတ်ဖို့နဲ့ သံတမန်တွေကို နှင်ထုတ်ဖို့ အောက်တိုဘာ ၁၀ ရက်က ပိုလန်နိုင်ငံရဲ့မြို့တော် ဝါဆောမြို့က ရုရှားသံရုံး အပြင်ဘက်မှာ လူတွေထောင်ချီ ဆန္ဒပြခဲ့ကြပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တာတွေ ပိုလန်မှာ ပြင်းထန်နေပြီး ယူကရိန်းအစိုးရရဲ့ အခိုင်မာဆုံး ထောက်ခံသူတွေထဲက တနိုင်ငံ ဖြစ်လာနေပါတယ်။ ယူကရိန်း ပဋိပက္ခစကတည်းက သန်းနဲ့ ချီတဲ့ ဒုက္ခသည်တွေကိုလည်း ပိုလန်က လက်ခံရယူခဲ့ပါတယ်။
ယူကရိန်းအလံကို ၀တ်ဆင်ထားတဲ့ ဆန္ဒပြသူအများအပြားက ဆန္ဒပြပွဲရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "ရုရှားဟာ အကြမ်းဖက် နိုင်ငံဖြစ်တယ်”ဆိုတဲ့ ကြွေးကြော်သံတွေကို တံဆိပ်ကပ်ထားတဲ့ ပိုစတာ တွေကို ကိုင်ဆောင်ထားကြပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ အသက် ၄၀ အရွယ် အခွန်အကြံပေး မိုနစ်ကာ လိုဝစ်ကာက “ရုရှားဟာ အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်နေတာကြောင့် အကြမ်းဖက်နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
ဆန္ဒပြသူဦးရေ အယောက် ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ပွဲစီစဉ်တဲ့ အူရိုမိုင်ဒန် ဗာဆာဗာ အဖွဲ့ကပြောပါတယ်။