ရုရှားက နျူကလီးယားလက်နက်သုံးမည့်အရိပ်အယောင်မတွေ့ဟု အိမ်ဖြူတော်ပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်က နျူကလီးယားလက်နက်နဲ့ ဟန်ရေးပြနေပေမဲ့ ရုရှားက နျူကလီးယား လက်နက်သုံးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အရိပ်အယောင်မရှိဘူးလို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကာရင်း ယွန်းပီးယဲက ပြောပါတယ်။
ရုရှားသမ္မတပူတင်ဟာ နျူလက်နက် သုံးမယ့် သတိပေးချက်တွေနဲ့ စစ်ရေးလှုံ့ဆော်ရင်း ယူကရိန်းမှာ ခုနစ်လကြာစစ်ပွဲကို အရှိန်မြှင့်ခဲ့တာပါ။
“နျူကလီးယားလက်နက် ဒါမှမဟုတ် နျူကလီးယား လက်နက် ဟန်ရေးပြမှု မှန်သမျှကို ကျမတို့ ဒီနေရာမှာ အလေးအနက်ထားပြီး ပြောချင်ပါတယ်။ ကျမတို့ရဲ့ ကိုယ်ပိုင်နျူကလီးယား ဗျူဟာကို ချိန်ညှိဖို့ အကြောင်းပြချက် မတွေ့ခဲ့ရသလို ရုရှားကလည်း ပြင်ဆင်နေတယ်ဆိုတဲ့ အရိပ်အယောင် လည်း မရှိပါဘူးလို့ ယွန်းပီးယဲက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“အမေရိကန်ဟာ ယူကရိန်းပိုင်နက်ကို ရုရှားက ကျူးကျော် သိမ်းပိုက်တာကို ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ လုံခြုံရေးဆိုင်ရာ အထောက်အပံ့အသစ်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၆၂၅သန်း အပါအဝင် ယူကရိန်းကို ဆက်ထောက်ပံ့ဖို့ ကတိကိုလည်း ဒီကနေ့ ထပ်လောင်း အတည်ပြုပါတယ်”လို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိက ဆက်ပြောပါတယ်။