close

ယူကရိန်းမြို့တော်အပါအဝင်အရပ်ဘက်ပစ်မှတ်များကို ရုရှားက ခရုဇ်ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ  အောက်တိုဘာ ၁၀ ရက်က ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီး သွားတဲ့ အသေးစိတ်အချက်အလက်တွေကို သတင်းထုတ်ပြန်ရင်း ''အရာရာကို ပြန်ရအောင် ယူမယ်လို့ ' ကတိပြုခဲ့ပါတယ်။ 

ဇလန်းစကီးက ညစဉ် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောရာမှာ ကိယက်ဗ်မြို့တော်က  ရှက်ဗ်ချန်ကာ တက္ကသိုလ်နားကနေ ပြောခဲ့တာပါ။

တက္ကသိုလ်အပြင်ဘက်က ကိယက်ဗ်မြို့ ဆရာများအိမ်ရာ၊ ရှက်ဗ်ချန်ကိုဥယျာဉ်နဲ့ ခါနန်ကို အနုပညာ ပြတိုက်တို့ အားလုံးကို ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ရုရှားဟာ အောက်တိုဘာ ၁၀ ရက်အစောပိုင်းက လူများပြီး စည်ကားတဲ့ ယူကရိန်းမြို့တော်နေရာတွေကို ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အမေရိကန်က "ကြောက်စရာ တိုက်ခိုက်မှုတွေ”လို့ ခေါ်ဝေါ်ခဲ့ပါတယ်။ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေပါ သေဆုံးခဲ့တာပါ။ 

ယူကရိန်း စစ်ပွဲစတင်ချိန်က စပြီး အကျယ်ပြန့်ဆုံး  လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လျှပ်စစ်ဓာတ်အားနဲ့ အပူပေးလိုင်းတွေ ပျက်စီးခဲ့ပါတယ်။

မြို့တော်က လမ်းဆုံတွေ၊ ပန်းခြံတွေနဲ့ ခရီးသွားနေရာတွေကို ဒုံးကျည်တွေနဲ့ ဖြိုခွဲခဲ့ပြီး ယူကရိန်းအနောက်ပိုင်းက အယ်လ်ဗစ်ဗ်၊ တာနိုပေးနဲ့ ဇစ်တိုမြာ၊ ယူကရိန်း အလယ်ပိုင်းက ဒနစ်ပရိုနဲ့ ခရီမန်ချပ်ခ်၊ ယူကရိန်းတောင်ပိုင်းက ဇာပိုရစ်ချ်ဇီယာနဲ့ ယူကရိန်း အရှေ့ပိုင်းက ခါခိဗ်မြို့တွေမှာလည်း ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ကိယက်ဗ်မြို့တော်မှာ ဒုံးကျည်တွေ ထိမှန်ခံရပြီးတဲ့နောက် အောက်တိုဘာ ၁၀ ရက်မှာ ကလေးအုပ်စု တစ်စုက ယူကရိန်းနိုင်ငံတော်သီချင်းကို သီဆိုခဲ့တဲ့ အခိုက်အတန့်ကို မျက်မြင်တွေ့သူ တယောက်က ရုပ်သံရိုက်ကူးခဲ့ပါတယ်။

ဗီဒီယိုမှာပါတဲ့ စာတန်းတစ်ခုထဲမှာ ကလေးငယ်တွေဟာ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဥသြသံတွေ ရပ်သွားအပြီးမှာ ချက်ချင်း သံပြိုင် သီဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရုရှားနဲ့ ခရိုင်းမီးယားကို ဆက်သွယ်ထားတဲ့ အဓိကတံတား ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်မှာ ရုရှားက  ယူကရိန်းမြို့တွေဖြစ်တဲ့ အယ်လ်ဗစ်ဗ်နဲ့ ကိယက်ဗ်၊ တာနိုပေနဲ့ ဒနစ်ပရိုး မြို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၁၁ ယောက် ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up