မောင်တောမြို့ပေါ် နေရာ ၈ ခု ၌ စစ်ကောင်စီတပ်များ နေရောညပါ စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်မှာ နေရာ ၈ ခု ခွဲကာ အောက်တိုဘာ ၁၄ ရက်ကစလို့ နေရော ညပါ စစ်ဆေးနေတာကြောင့် ဒေသခံတွေ အခက်တွေ့နေတယ်လို့ မောင်တောမြို့ခံတွေက ပြောပါတယ်။
မောင်တောဒေသခံတဦးက "နေရာ ၈ နေရာမှာ စစ်ဆေးနေတယ်လို့တော့ သိရတယ်။ ရွှေဇားတံတားထိပ်မှာတော့ စစ်တပ် နဲ့ ရဲတပ်ဖွဲဝင် အင်အား ၃၀ လောက်ရှိတယ်။ ကားနဲ့ ဆိုက်ကယ်တွေကို စစ်တယ်။ လိုင်စင်တွေ စစ်တယ်။ လူတိုင်းကိုလည်း စစ်တာ မဟုတ်ဘူး။ သူတို့ စစ်ချင်တဲ့သူတွေကို စစ်နေတာ" လို့ ပြောပါတယ်။
နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းကာ မြို့ပေါ် လမ်းမကြီးနဲ့ လမ်းသွယ်၊ လမ်းကြား ၈ နေရာမှာ အောက်တိုဘာ ၁၄ ရက်စပြီး စစ်ဆေးနေတာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေဇားတံတား (လဝက) ရုံးရှေ့၊ မြို့မကညင်တန်း၊ နာရီစင်အနီး၊ မြို့နယ်ထွေအုပ်နဲ့မြို့နယ်တရားရုံးအနီး၊ အာလီသားရေကန်လမ်းနဲ့ ရွှေအိုးတည်းခိုခန်းအနီးတို့မှာ စစ်ဆေးနေတာပါ။
မောင်တောမှ စျေးဆိုင်သည် တဦးက "ညဆိုလူတွေက အပြင်မထွက်ကြတောဘူး။ ဆိုင်တွေလည်း ည ၈ နာရီဆို ပိတ်ပြီ။ မနက်ပိုင်းမှာလည်း လမ်းတွေကို ပိတ်စစ်တယ်။ လူတွေအပြင် မထွက်ကြတော့ ရောင်းအားကျသွားတာပေါ" လို့ ပြောပါတယ်။
မောင်တောမြို့ပေါ်၌ သွားလာနေကြတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေမှာ ဖောက်ခွဲရေးပစ္စည်း တွေ သယ်ဆောင်လာတာ ရှိ၊ မရှိ ရှာဖွေစစ်ဆေးရေးနေတာလို့ ရဲအရာရှိတဦးက ပြောပါတယ်။