ဗြိတိန်တွင် ဆန္ဒပြသူ ၁ ဦး တရုတ်ကောင်စစ်ဝန်ရုံးအတွင်း ဆွဲခေါ်ရိုက်နှက်ခံရသည့်ကိစ္စ စုံစမ်းစစ်ဆေး

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ ရဲတွေဟာ အောက်တိုဘာ ၁၆ ရက် တနင်္ဂနွေနေ့က တရုတ်ကောင်စစ်ဝန်ရုံးဝင်းအတွင်း ဆန္ဒပြသူတယောက် ဆွဲထုတ်ခံရပြီး ရိုက်နှက်ခံရတဲ့ ဖြစ်ရပ်တခုကို စုံစမ်းစစ်ဆေးနေပါတယ်။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီနဲ့ သမ္မတ ရှီကျင့်ဖျင်တို့ကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေနဲ့ ကြွေးကြော်သံတွေကို စိုက်ထူထားရာ ကောင်စစ်ဝန်ရုံးအပြင်ဘက်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။
ဘီဘီစီ ဗီဒီယိုထဲမှာတော့ ကောင်စစ်ဝန်ရုံးမှ လူတချို့ဟာ ဆိုင်းဘုတ်အများအပြားကို ဖြုတ်ချခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့နေချိန်မှာ လူတယောက်ကို ဖမ်းဆွဲကာ ကောင်စစ်ဝန်ရုံးအတွင်းကို ဆွဲခေါ်သွားတာဖြစ်ပါတယ်။
မန်ချက်စတာ ရဲတပ်ဖွဲ့က ရဲအရာရှိတွေဟာ ဂိတ်ပေါက်ကို ဖြတ်ကျော်ဝင်ရောက်ပြီး လူကို ဆွဲထုတ်ခဲ့တာကို ပြထားပါတယ်။
မန်ချက်စတာမြို့က တရုတ်ကောင်စစ်ဝန်ရုံးမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို ချက်ချင်း တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး လောလောဆယ်မှာ အခြေအနေ အပြည့်အစုံကို နားလည်အောင် စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မျက်နှာမှာ မြင်သာတဲ့ ဒဏ်ရာတွေ ရရှိခဲ့တဲ့ အရိုက်ခံရသူ ဘော့ဘ်ဟာ တရုတ်အစိုးရကို လူဆိုး လို့ ခေါ်ဆိုပြီး သူ့ရဲ့ အတွေ့အကြုံကို ဘီဘီစီကို ပြောကြားခဲ့ပါတယ်။
မန်ချက်စတာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကတော့ မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုချက်အပေါ် လတ်တလော အကြောင်းပြန်ခြင်းမရှိပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝမ်ဘင်ကတော့ ဒီအခြေအနေကို သူ မသိပေမဲ့ တရုတ်မစ်ရှင်တွေဟာ နိုင်ငံတကာ သံတမန်ရေး သဘောတူညီချက်တွေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်က ပေကျင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။